Home စိတ်ခွန်းအားနှင့် ဉာဏ်အလင်း လွမ်းတတတ မင်းသိင်္ခ မင်းသိင်္ခ၏ အိပ်ယာထနည်း

မင်းသိင်္ခ၏ အိပ်ယာထနည်း

322
0

အခန်း ၇

မင်းသိင်္ခ၏ အိပ်ယာထနည်း

(ရှေ့တွင် အခန်း ၁ မှ ၆ ရေးသားခဲ့ပြီးပါပြီ။ ရှာဖွေဖတ်ရှုကြပါကုန်)

အဘမင်းသိင်္ခနှင့် ဆုံဆည်းခွင့်ရခဲ့သောနှစ်ကာလများကို ရေတွက်ကြည့်မိသောအခါ နှစ်ပေါင်း ၂၅ နှစ်ပင် ကျော်လာခဲ့ပြီ။  အဘ ဤမြေကမ္ဘာက ပြန်ထွက်သွားသည်က ၁၀ နှစ်ကျော် ရှိပြီဆိုတော့ အဘနှင့် ဆုံဆည်းခွင့်ရခဲ့သည့်နှစ်ပေါင်း ၁၅ နှစ်ကျော်။ ထိုသည့် ၁၅ နှစ်မှာလည်း အဘအနီး၌ ရေပူရေချမ်းကမ်းရင်း အနီးကပ်နေခဲ့ရသည့်အချိန်ကာလတွေက မရှိဘူးဆိုလျှင်တောင် ၁၀ နှစ်တော့ ရှိခြိမ့်မည်။

အဘနှင့် အနီးကပ်နေရဖန်များသောအခါ အဘ၏ အလေ့အထအချို့ကလည်း မိမိကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိ ဉာဏ်မီသည်ဖြစ်စေ မမီသည်ဖြစ်စေ မိမိထံ ကူးလူးလာလေတော့သည်။

အလေ့အထအချို့လည်း ရာသက်ပန်စွဲမြဲသွားသကဲ့သို့ အချို့လည်း မီးဝေးချိတ်ပမာပေါ့။

မှတ်မှတ်ရရ အဘမင်းသိင်္ခ၏ အိပ်ယာထခြင်း အလေ့အထကို ရေးပြလိုပါသည်။ အဘက မနက် ၂ နာရီဆိုလျှင် အိပ်ယာထပြီ။ ကျန်းမာရေးမကောင်းသောအခါများ လွန်စွာ ပင်ပန်းနေသောအခါများ ခရီးသွားချိန် အအိပ်အစား မမှန်နိုင်သောအခါများမှာပင် မနက် ၂ နာရီဆိုလျှင် မဖြစ်မနေ အိပ်ယာက ထတတ်သည်။

ပြီးမှ့ တစ်ရေးပြန်အိပ်ချင် အိပ်မည်။ မနက် ၂ နာရီ အိပ်ယာထခြင်းကိုမူ ပြုဖြစ်အောင် ပြုတတ်လေသည်။

တစ်ခါတွင်မတော့ မနက်အစောကြီး အိပ်ယာမှ ထကြပြီးနောက် ကျွန်ုပ်က အဘကို မေးကြည့်မိတော့သည်။ ‘အဘ ဘာလို့ မနက်မနက်ဆို အစောကြီး အိပ်ယာက ထတာလဲ’

အဘက လက်ဖက်ရည်ကို တစ်ကျိုက်ကျိုက် စီးကရက်ကို ဖွာလိုက်ပြီးနောက် ‘မနက်ခင်းလေးတွေကို နှမျောလို့ကွ’ ခပ်တိုတိုပင် ပြန်ဖြေလေသည်။

‘ခင်ဗျာ.. မနက်ခင်းလေးတွေကို နှမျောလို့ ဘယ်လို နှမျောတာလဲအဘ’ ကျွန်ုပ်က စကားကို ဆက်မေးတော့မှ အဘက
လေးနက်စွာသော လေသံဖြင့် တစ်လုံးချင်း ရှင်းပြလေတော့သည်။

‘ဒီလိုကွ မနက် ၂ နာရီဆိုတဲ့အချိန်ဟာ ဒီလောကကြီးရဲ့ အသစ်လွင်ဆုံးနဲ့ အသန့်ရှင်းဆုံး အချိန်ကလေးပဲ။ တစ်နေ့တစ်နေ့ ကမ္ဘာကြီးဟာ အသံပေါင်းစုံ အနံ့အသက်ပေါင်းစုံ ဓာတ်ပေါင်းစုံနဲ့ ဗြောင်းဆန်နေတာကွ။ ကောင်းတာတွေရော မကောင်းတာတွေရောပေါ့ကွာ။’

‘တစ်ခုရှိတာက ကောင်းခြင်းပဲဖြစ်ဖြစ် ဆိုးခြင်းပဲဖြစ်ဖြစ် အဲဒါဟာ ဖြစ်ရပ်တစ်ခုပဲ။ ပကတိ သန့်စင်ခြင်းတော့ မဟုတ်ဘူးကွ။’

‘မင်းနားလည်အောင်ပြောရရင်တော့ ရုတ်တရက်ဆိုရင် လူတွေက အမည်းရောင်ဟာ ညစ်ပတ်တယ်။ အဖြူရောင်ဟာ သန့်စင်တယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ မင့်အင်္ကျီပေါ်ကို အမည်းရောင်ပဲ စွန်းစွန်း အဖြူရောင်ပဲစွန်းစွန်း စွန်းတာက စွန်းတာပဲ ပေတာက ပေတာပဲလေကွာ့။’

‘အဲဒီလိုပဲကွ့ ဖြစ်ရပ်တစ်ခုခုဟာ ပကတိ သန့်ခြင်းခြင်း မဖြစ်ဖို့က များပါတယ်။ ဘာမှ ဖြစ်မနေမှ ပကတိအခြေအနေပေါ့ကွာ့။’

‘ထားပါတော့ ခုနစကားကို ဆက်ရရင် ကမ္ဘာမြေပေါ်က အသံဗလံ အငွေ့အသက်ပေါင်းစုံဟာ ကောင်းကင်ဆီကို တစ်နေကုန် လျှံတက်နေတယ်ကွ။’

‘ညပိုင်းရောက်တဲ့အခါ အားလုံး အနားယူအိပ်စက်သွားကြပေမယ့် တစ်နေကုန် ပျံ့လွင့်တက်လာတဲ့အရာတွေက
မြေပြင်ဆီကို တဖြည်းဖြည်း ပြန်ကျလာနေတုန်းပဲပေါ့ကွာ့။’

‘လေပွေဝှေ့လို့ ကောင်းကင်ကို ပျံတက်သွားတဲ့ သစ်ရွက်တွေ အမှိုက်တွေဟာ အရှိန်ကုန်တော့ မြေပြင်ဆီ တဖြည်းဖြည်း ပြန်ကျလာသလိုပေါ့ကွာ့။’

‘အဲဒီတော့ ညဉ်နက်သန်းခေါင်အချိန်အထိ ကမ္ဘာကြီးက အိပ်စက်နေပေမဲ့ တစ်နေကုန် ကောင်းကင်ဆီ ပျံ့လွင့်နက်လာသမျှ ဓာတ်တွေက တအိအိ ပြန်ကျနေတုန်းပဲပေါ့ကွာ့။’

‘အေး ည သန်းခေါင်အချိန်ဆိုတာ အဲဒါတွေ အားလုံး ရှင်းသွားသန့်သွားတဲ့ အချိန်ပေါ့။ တစ်ခုရှိတာက့ နောက်နေ့တစ်နေ့ရဲ့ ရှင်သန်ခြင်း အားသစ်တွေကလည်း မစသေးဘူးပေါ့ကွာ။’

‘အေး မနက် ၂ နာရီကျတော့ ရောင်နီသစ်တော့မယ်။ နေ့သစ် စတော့မယ်။ လောကကြီးဟာ တစ်နေ့သစ်ဖို့ ပကတိ ကြည်လင်သန့်ရှင်းစွာနဲ့ အားယူနေပြီ။’

‘အဲဒီအချိန်လေးဟာ ပကတိ သန့်စင်ကြည်လင်ဆန်းတဲ့ မင်္ဂလာအချိန်လေးပဲ။ ဒါကြောင့် ငါကတော့ ငါ့ရဲ့အရေးကြီးတဲါ အလုပ်တွေဆိုရင် အဲဒီ မင်္ဂလာနိမိတ်ကောင်း အင်အားသစ်ကိုယူပြီး မနက် ၂ နာရီမှာ အိပ်ယာထပြီး လုပ်တော့တာပဲဟေ့။’

ဤသည်ကား မနက် ၂ နာရီ အိပ်ယာထလေ့ရှိသော အဘမင်းသိင်္ခ၏ သဘောတရားကလေး ဖြစ်ပါတော့သည်။ သဘောတွေ့သောမိတ်ဆွေများ ဆင့်ပွားအသုံးပြုနိုင်ကြပါစေကုန်သတည်း။

(မနက် ၂ နာရီဝန်းကျင် မေတ္တာပို့သလေ့ အဓိဋ္ဌာန်ဝင်လေ့ရှိသော အကြောင်းတရားလေးကိုလည်း နောက်အခန်းများတွင် မျှဝေရေးသားပါဦးမည် ဆိုသည့်အကြောင်း)

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

၂၀၁၉ အောက်တိုဘာ ၁၀

LEAVE A REPLY

Please enter your comment!
Please enter your name here