အခန်း(၆)
မင်းသိင်္ခ၏စာရင်းစစ်နည်း၊ စာရင်းအမှားရှာနည်း
”စာရင်းဇယားတွေမှာ ကိုက်ညီမှုမရှိဘူးဆိုရင် အဲဒါ အသုံးမကျလို့၊ စနစ်မကျလို့ …၊
စာရင်းဇယားကြီးကြီးမားမားတွေမှာ အသေးသုံးကအစ ကွက်တိ ကိုက်ညီနေပြီဆိုရင် အဲဒီစာရင်းဇယား သေချာပေါက် ရိုက်ထည့်ထားလို့၊ လိမ်ထားလို့ …”
တစ်ခါတစ်ရံတွင်လည်း အဘက – ‘မင်းတို့လည်း ဗိုလ်စိန်မှန်ရှင်းတမ်းနဲ့ တိုးတော့မယ် …’ ဟု ပြောလေ့ရှိပြန်၏။
မှတ်မှတ်ရရ အဖြစ်အပျက်ကလေးတစ်ခု ရှိခဲ့ဖူးပါသည်။ တစ်ခါတွင် အဘထံသို့ လုပ်ငန်းရှင်ကြီးအချို့ အလည်အပတ်လာကြရင်း စကားစမြည် ပြောကြရာ စာရင်းဇယားများအကြောင်းသို့ ရောက်သွားကြလေသည်။ လုပ်ငန်းရှင်ကြီးများက သူတို့၏ကြီးမားသော အတွေ့အကြုံ၊ နိုင်ငံတကာမှရလာသော အတွေ့အ ကြုံများအကြောင်းကို အကြီးကြီးပြောကြသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုရက်ပိုင်းအတွင်း၌ ဖိုကြီး၌ ဈေးဖိုးငွေများ ဖြစ်ချင်တိုင်းဖြစ်နေကြောင်း တိုင်သူက တိုင်ကြသည်။ အဘ၏အနီးမှာလည်း မဟာမြန်မာတို့၏ထုံးစံအတိုင်း အချင်းချင်း အတို့ အထောင်၊ ချောက်တွန်း၊ အဆင်းဘီးတပ်၊ နေရာလု ဆိုသည်များကလည်း အနည်းနှင့်အများ ရှိလေသည်သာ …။
ထိုသောအခါ အဘက ဖိုကြီးမှ ဈေးဖိုးငွေ ကိစ္စကို စစ်ဆေးရန် ဆရာကြီးတစ်ဦးအား တာဝန် ပေးလေသည်။ တစ်ပတ်ခန့်စစ်ပြီးသောအခါ ထို ဆရာကြီးက ငွေစာရင်းများကိုက်ညီပါကြောင်း အဘ ထံ ပြန်လည်တင်ပြသောအခါ အဘကတော့ ရယ်လို့သာ နေလေသည်။
ယခု အထက်ပါဧည့်သည်များနှင့် စာရင်း ဇယားတို့အကြောင်းပြောရင်း အဘက – ”ကျော်ပြောင်ရေ … ဖိုကြီးက ဈေးဖိုးစာရင်း စာအုပ်တွေ သွားယူကွာ …၊ သူတို့ရှေ့မှာ ငါ့ကို စစ်ပြစမ်း …၊ ဘယ်ဟာကဖြင့် မရိုးသားဘူးဆိုတာ ပေါ်အောင်စစ်လိုက်ကွာ …”ဟု ပြောလေတော့သည်။
ကျွန်ုပ်လည်း ဈေးဖိုးစာရင်းစာအုပ်များကို တောင်းယူ၍ သုံးမိနစ်ခန့် လိုက်လှန်လိုက်လေသည်။ ပြီးတော့ နှစ်နေရာကို မင်နီဖြင့် ဝိုင်းပြပြီး အဘအား ပြလိုက်တော့ အဘက ခေါင်းတဆတ်ဆတ် ညိတ်၍ ဈေးဝယ်သမားများအား ခေါ်ယူ၍ မေးမြန်း သောအခါ ထိုသူတို့က ထိုငွေများကို သူတို့ သုံးလိုက်ပြီး အဝယ်စာရင်းတွင် ပိုပြထားကြောင်း ဝန်ခံကြလေတော့သည်။ စာရင်းများအားလုံး ရိုးသားကိုက်ညီပါကြောင်း စစ်ဆေးအဖြေထုတ်ပေးခဲ့သည့် ဆရာကြီးမှာမူ ကျွန်ုပ်အား မျက်စောင်းတခဲခဲ …။
အဘထံအလည်ရောက်လာသော လုပ်ငန်း ရှင်ကြီးများမှာလည်း – ”ဟား …ဆရာကြီးရဲ့ကောင်လေး စာရင်း စစ်တာ အဖြေရှာတာ မြန်လှချည်လား …၊ အံ့သြစရာပဲ …”ဟု တဖွဖွ အံ့အားသင့် ရေရွတ်၍မဆုံး ဖြစ်နေကြလေတော့သည်။
အဘက စီးကရက်ကို ခဲရင်း ပြုံး၍ – ”ကိုယ်က ဘဝမှာ အလုပ်မျိုးစုံခဲ့ပြီးပြီ …၊ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ …၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ …၊ အတွေ့အကြုံတွေကလည်း အံတို နေပြီ …၊ အဲဒီတော့ တပည့်တွေကိုလည်း လိုအပ်တဲ့အခါ သုံးလို့ရအောင် အားလုံးကို သင်ပေးထားတယ်လေ …။
သင်တာကတော့ အားလုံးကို သင် တာပါပဲ …၊ မှတ်ထားတဲ့တပည့်က ရတာပေါ့ …၊ ပြီးပြီးရော သဘောထားတဲ့ တပည့်တွေလည်း မရကြဘူးပေါ့ …”ဟု ပြောလျှင် ထိုလုပ်ငန်းရှင် များက ကျွန်ုပ်အား အဘက ထိုမျှ မြန်မြန်ဆန်ဆန် စာရင်းစစ်နည်းကို မည်သို့ မည်ပုံ သင်ထားကြောင်း အငမ်းမရ မေးမြန်းကြလေတော့သည်။
ထိုအခါ ကျွန်ုပ်ကလည်း ပြုံး၍ အောက်ပါအတိုင်း တိုတိုတုတ်တုတ်သာ ပြန်ပြောလိုက်ပါတော့သည်။
”စာရင်းတွေထဲမှာ
မရိုးမသား လိမ်ညာပြီး ပြထားတဲ့နေရာကို ရှာချင်ရင်
မကြာခဏ များများ ဝယ်လေ့သုံးလေ့ရှိတဲ့ ပစ္စည်းတွေကို
သတိထားပြီး ထောက်ကြည့် …”
ကျွန်ုပ် ထောက်ပြ၍ စာရင်းဖမ်းပေးလိုက်သောပစ္စည်းမှာ အချိုမှုန့် ဝယ်ယူခြင်း ဖြစ်ပါသည်။ တစ်ပတ်အတွင်းမှာပင် အချိုမှုန့်အိတ်ကြီးနှစ်အိတ် ဝယ်ထားသည်ဟု စာရင်းတွင် ပြထားသည်ကို ကျွန်ုပ်က မင်နီဝိုင်း၍ ပြလိုက်ခြင်း ဖြစ်ပါတော့သည်။
ပြီးတော့ အဘက ဆက်လက်၍ – ”ကျော်ပြောင်ရေ …မင်းတို့ကို ငါသင်ပေးထားတဲ့ စာရင်းအင်းနဲ့ပတ်သက်လာရင် သဘောပေါက်ထားရမယ့် အရေးကြီးတဲ့အချက်နှစ်ချက် သူတို့ကို ပြောပြလိုက်ပါကွာ ..” ဟု ပြောပြန်ရာ ကျွန်ုပ်က –
”စာရင်းဇယားတွေမှာ ကိုက်ညီမှုမရှိဘူးဆိုရင်
အဲဒါ အသုံးမကျလို့၊ စနစ်မကျလို့ …၊
ပေါ့ဆလို့၊ မရေရာလို့၊ ဂရုမစိုက်လို့ …၊
စာရင်းဇယားကြီးကြီးမားမားတွေမှာ
ကွက်တိ ကိုက်ညီနေပြီဆိုရင်
အဲဒီစာရင်းဇယား သေချာပေါက် လိမ်ထားတာ …၊
လောကကြီးမှာ လုပ်ငန်းကြီးကြီး မားမားလုပ်တဲ့အခါ
စာရင်းဇယားမှာ ကွက်တိ ကိုက်နေတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး …၊
ဇွတ်အတင်း ကိုက်အောင် ရိုက်ထည့်မှပဲ ကိုက်နိုင်မယ်”
ဟု ဒိုးဒိုးဒေါက်ဒေါက်ပင် ပြောပြလိုက်လေသည်။
လုပ်ငန်းရှင်ဧည့်သည်ကြီးများလည်း သဘောကျစွာဖြင့် ကြမ်းပြင်ကို လက်ဝါးများဖြင့် ပုတ်ကာပုတ်ကာ တဝါးဝါးတဟားဟား ရယ်မောလိုက်ကြသည်မှာ မျက်ရည်စများပင် ထွက်လေတော့သည်။ ပြီးတော့ – ”ဆရာကြီးတို့လုပ်လိုက်ရင်တော့ မှတ်သားလောက်ပါပေတယ် …၊ စာရင်းမကိုက်ရင် အသုံးမကျလို့ တဲ့ …၊ စာရင်းကိုက်ရင် လိမ်ထားတာတဲ့ …” ဟုလည်း တတွတ်တွတ် ရေရွတ်၍မဆုံး ဖြစ်နေကြပါလေတော့သည်။