Home စိတ်ခွန်းအားနှင့် ဉာဏ်အလင်း လွမ်းတတတ မင်းသိင်္ခ စာရင်းအမှားရှာခြင်းနှင့်ပတ်သက်၍ အဘ၏ ဘဝအတွေ့အကြုံတစ်ခု

စာရင်းအမှားရှာခြင်းနှင့်ပတ်သက်၍ အဘ၏ ဘဝအတွေ့အကြုံတစ်ခု

173
0
မင်းသိင်္ခ၏စာရင်းစစ်နည်း၊

စာရင်းအမှားရှာခြင်းနှင့်ပတ်သက်၍ အဘ၏ ဘဝအတွေ့အကြုံတစ်ခုကို အကြောင်းတိုက်ဆိုင်သောအခါများ၌ ပြောပြလေ့ရှိသည်မှာလည်း ကျွန်ုပ်အတွက် ယနေ့တိုင် မမေ့နိုင်သော အဖြစ်အပျက်ပင် ဖြစ်ပါတော့သည်။

ကျွန်ုပ်ကိုယ်တိုင်အတွက်လည်း လက်တွေ့ အသုံးဝင်ခဲ့သည်များ ရှိလေသောကြောင့် တစ်ဆင့် မျှဝေအပ်ပါသည်။ အဘက ဤသို့ ပြောပြဖူးလေသည်။

”ဒီလိုကွ …၊ အဲဒီတုန်းက ငါက တပ်ထဲမှာ …၊ တပ်ကြပ်ကြီးစာရေးအောင်ထွန်းပေါ့ကွာ၊ စကုတပ်မှာ တာဝန်ကျတာကွ …၊ သွားလေသူ S2 ဦးတင်ဦး တို့တပ်ပေါ့ကွာ …။

အဲဒီတုန်းက စစ်တပ်က အာဏာသိမ်းတာနဲ့ တည့်တည့်ကြုံတယ်ကွ …၊ အဲဒီမှာ စကုကနေ ရန်ကုန်ကို တာဝန်တစ်ခုနဲ့ ရက်အတော်ကြာ လာနေခဲ့ရဖူးတယ် …။

အဲဒီလို ရန်ကုန်ရောက်နေတဲ့အခိုက် ဘာ သွားပြီးတော့ ကြုံသလဲဆိုရင် ပြည်သူပိုင်လုပ်ငန်းတစ်ခုကို တာဝန်ယူပြီး သိမ်းရတဲ့ ဗိုလ်ကြီးတစ်ယောက် စာရင်းဇယားတွေ ချာလည်လည်ပြီး တော်တော်အကြပ်ရိုက်နေတယ်လို့ ကြားရတယ် …၊

သူတင်ပြရမယ့်စာရင်းက ဘယ်လိုပဲစစ်ကြည့် စစ်ကြည့် မကိုက်ဘူးဖြစ်နေတယ် …၊ အဲဒီမှာ တပ်ကအင်အားတွေတင်မက အပြင်က ပညာရှင်တွေကိုပါ ခေါ်ပြီး အကူအညီတောင်းတယ် …၊ တစ်ပတ်ဆယ်ရက်ကြာတဲ့အထိ စာရင်းက မကိုက်ဘူး …။

ဆိုကြပါစို့ …၊ မနက်ဖြန်လောက်ဆိုရင် စာရင်းတွေက အပ်ရတော့မယ် …၊ ဒီမှာက ဘယ်လိုမှ စာရင်းကို ကိုက်လို့မရဘူး …၊ သူ့နားဝန်း ကျင်ကလူတွေလည်း ရူးမတတ်ဖြစ်နေပြီ …၊ ညပိုင်းတွေအထိပါ အောက်လင်းမီးအိမ်ကြီးတွေနဲ့
ရုံးတက်ပြီး စာရင်းတွေကို စစ်ခိုင်းတာ …၊ အဖြေက ဘယ်လိုမှမပေါ်ဘူး …။

အဲဒီမှာ အဲဒီဗိုလ်ကြီးဟာ မျက်တွင်းတွေ ချိုင့်၊ မျက်လုံးကြီးလည်း ပြူးကြောင်ကြောင်နဲ့ သူ့ရဲ့သေနတ်ကို ကျည်ထိုးပြီး စားပွဲပေါ်မှာတင်ထားပြီး မနက်ဖြန်မှ စာရင်းမကိုက်ဘူးဆိုရင် ငါ့ကိုယ်ငါ ပစ်သတ်လိုက်တော့မယ်ဆိုတဲ့အထိ ဖြစ်နေပြီ …။

အဲဒီအကြောင်းကိုကြားရတော့ ငါက မဆီ မဆိုင်သွားပြီး ဆက်သွယ်တယ် …၊ အဲဒီစာရင်းမှားနေတဲ့နေရာကို ကျွန်တော် ရှာ ပေးပါရစေပေါ့လေ …၊

အဲဒီတော့ အခုနဗိုလ်ကြီးက မီးဝင်းဝင်း တောက်တဲ့မျက်လုံးတွေနဲ့ ကိုယ့်ကိုကြည့်ပြီး – ”မင်းက ဘာလဲ …၊ မင်းက ဘာကောင် လဲ …၊ မင်းက ဘာအဆင့်ရှိလို့လဲ …၊ ဒီမှာ ဆရာ့ဆရာကြီးတွေ နေ့မအိပ်ညမအိပ် ကြိုးစားတာတောင်
စာရင်းမှားတဲ့အဖြေကို မရှာနိုင်ဘူး …” ဆိုပြီး ဗြူးဗြဲနဲ့ လုပ်တော့တာပေါ့လေ …။

ကိုယ်က – ”အလုပ်ကို သေသေချာချာ သပ်သပ်ယပ်ယပ် လုပ်လေ့ရှိတဲ့ ရဲဘော်နှစ်ယောက်လောက်ပဲ ကျွန်တော့်ကို ကူဖို့ ပေးပါ …၊ တစ်နာရီလောက်ပဲ အချိန်ပေးပါ …” လို့ ပြောလိုက်တော့ သူက ပိုပြီး ပေါက်ကွဲသွားတယ်။

”မင်း ရူးနေသလား …၊ ဒီမှာ ဆရာ့ဆရာကြီးတွေတောင် တစ်ပတ်လောက်ကြိုးစားတာ မရပါဘူးဆိုနေမှ …”
ဘာညာပေါ့လေ …။

ဒါပေမဲ့ သူ့ဘဝကလည်း နောက်ဆုံးအခြေအနေကိုရောက်နေပြီ …၊ အဲဒီတော့ ရေနစ်သူဟာ ကောက်ရိုးမျှင်လေးပဲဖြစ်ပါစေ ဆွဲမိဆွဲရာ ဆွဲတော့သလို သူလည်း ငါ့ကို စာရင်းကွာဟမှု အဖြေရှာဖို့ ခွင့်ပြုလိုက်တယ်ပေါ့ကွာ …၊

အဲဒီမှာ ရဲဘော်လေးနှစ်ယောက်နဲ့ ငါနဲ့ သူတို့နှစ်ယောက်က စာရင်းဂဏန်းတွေကို ဖတ်တယ်၊ ငါက ခဲတံလေးတစ်ချောင်းနဲ့ လိုက်ထောက်တယ်၊ ငါ အချိန်တောင်းထားတာက တစ်နာရီလောက်ကွ၊ ဒါပေမဲ့ ၁၅ မိနစ်တောင် ကောင်းကောင်းမပြည့်ချင်ပါဘူးကွာ …၊

ငါက ”တွေ့ပြီ …”လို့ အသံဝါ ဝါကြီးနဲ့ အော်လိုက်တယ် …၊ အားလုံးလည်း ငါတို့နားကို ဝုန်းခနဲ ပြေးလာကြတယ် …။
အခုန ဗိုလ်ကြီးကလည်း မယုံ လည်းမယုံ၊ ဝမ်းလည်းဝမ်းသာသာနဲ့ အနားကိုရောက်လာတယ် …။

ငါက သူတို့စာရင်းမှာ ကွာဟနေတဲ့နေရာကို ခဲတံအနီနဲ့ ဝိုင်းပြလိုက်တယ် …၊ အားလုံးဟာ ကိုယ့်နဖူးကို ရိုက်တဲ့လူက ရိုက်ကြ၊ ဟေးခနဲ အော် တဲ့လူက အော်ကြ၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခုန်တဲ့လူက ခုန်ကြ … ဖြစ်ကုန်ကြတယ်။

အခုနဗိုလ်ကြီးလည်း ငါ့ကျောကုန်းကို ပုတ်ပုတ်ပြီး သူ့ခမျာ – ”တော်လိုက်တာကွာ …တော်လိုက်တာ ကွာ …”
ဆိုတဲ့စကားကလွဲလို့ ဝမ်းသာလွန်းလို့ ဘာမှတောင် မပြောနိုင်ရှာဘူး …၊

အဲလိုနဲ့ပဲ သူ့ကိုယ်သူ သတ်သေတော့မယ့် ဗိုလ်ကြီးတစ်ယောက်ကို ငါ ကယ်လိုက်နိုင်တယ်ပေါ့ ကွာ …”

အထက်ပါအဖြစ်နှင့်ပတ်သက်၍ အဘက ကျွန်ုပ်တို့အား သင်ကြားသွားခဲ့သည်မှာ – ”ဒီလိုကွ ..၊ စာရင်းတစ်ခုခုဟာ အကြောင်း ကြောင်းကြောင့် လွဲမှားနိုင်တယ်ပေါ့ကွာ …၊ တစ်ချက် သတိထားကြည့်ရမှာက ကွဟာနေတဲ့ ဂဏန်းအရေအတွက်ဟာ ပေါင်းကြည့်လိုက်လို့ ၉ ဖြစ်နေရင် … အဲဒါ စာရင်းရဲ့တစ်နေရာရာမှာ ဂဏန်းကို ရှေ့နောက်မှားပြီး သွင်းထားမိလို့ကွ …၊

ဥပမာ- ၁၄၅ ကို ၁၅၄ လုပ်ထားမိတာတို့၊ ၂၁၉ ကို ၁၂၉ လုပ်ထားမိတာတို့ စသည်ဖြင့်ပေါ့ကွာ ….”ဟု ဖြစ်ပါလေတော့သည်။

ဥပမာ-
၄၅၆
၁၂၃
၈၇၉
တို့ကို ပေါင်းသည်ဆိုပါစို့ …။
၁၄၅၈ ရပေသည်။

ထိုဂဏန်းတွဲတို့ကို ကူးရေးရင်း
၄၅၆+
၁၂၃+
၇၈၉

ဖြစ်သွားခဲ့ပါသော် အဖြေမှာ
၁၃၆၈
ဟု ဖြစ်နေပေသည်။

အဖြေမှန် ၁၄၅၈ ဖြစ်ရမည့်နေရာတွင် ၁၃၆၈ ဟု ဖြစ်နေခြင်းဖြစ်သည်။ ၁၄၅၈ ထဲမှ ၁၃၆၈ ကို နုတ်ကြည့်လျှင် ၉ဝ ရပေသည်။ ရလဒ်မှာ ပေါင်းကြည့်လျှင် ၉ ဂဏန်းဖြစ်နေသည်။ ဂဏန်းများပေါင်းရာ၌ ၈၇၉ ကို ၇၈၉ ဟု မျက်စိမှောက်ပြီး မှားပေါင်းထားသောကြောင့် ဖြစ်လေသည်။

ထပ်ပြီးတွက်ကြည့်ပါဦးစို့ …။
၂၁၃ +
၄၅၆ +
၈၇၉
ဟု မှားရေးပြီး ပေါင်းမိခဲ့လျှင်လည်း ၁၅၄၈ ရနေသည်။

ရနေသော အဖြေ ၁၅၄၈ ထဲမှ အဖြေမှန် ၁၄၅၈ ကို နုတ်ကြည့်လျှင်လည်း ၉ဝ သာရနေပါသည်။

၁၂၃ ဆိုသောနေရာတွင် ၂၁၃ ဟု မှားပေါင်း မိသောကြောင့် ဖြစ်ပါသည်။

တွက်ကြည့်ပါဦးစို့ …။
၁၄၅၄၆၅+
၃၂၁၇၉+
၄၂၆၃၇
တို့ကို ပေါင်းလျှင် ၂၂ဝ၂၈၁ ရပေသည်။

ထိုဂဏန်းတွဲတို့ကို မျက်စိလျှမ်း၍ –
၁၄၅၄၆၅+
၃၁၂၇၉+
၄၂၆၃၇
ဟု ပေါင်းမိလျှင် အဖြေမှာ ၂၁၉၃၈၁ ဟု ဖြစ်နေပေမည်။

ထိုသို့ ကွာခြားနေသော ၂၂ဝ၂၈၁ ထဲမှ ၂၁၉၃၈၁ ကိုနုတ်လျှင် ၉ဝဝ ဟု တွေ့ရပေမည်။ ၉ဝဝ ကို ပေါင်းလိုက်သော် ၉ ဂဏန်းပင် ဖြစ်ပေသည်။

၃၂၁၇၉ ဟူသောဂဏန်းကို ၃၁၂၇၉ ဟု အမှတ်တမဲ့ မှားပေါင်းမိသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဂဏန်းများကို ရှေ့နောက်မှား၍ ရေးမိလျှင် ၉ ဂဏန်း ကွာဟတတ်သည်ဟူသော မှတ်သားဖွယ်ရာကိုလည်း ကျွန်ုပ်တို့ ရရှိခဲ့ပါလေတော့သည်။

တစ်ခါတစ်ရံများတွင်လည်း အဘက – ”မင်းတို့ဟာကလည်း ဘုရားကြီးရှင်းတမ်းဖြစ်နေပြီ …” ဟု ပြောလေ့ရှိတတ်ပေရာ ကျွန်ုပ်တို့က – ‘ဘာလဲအဘ … ဘုရားကြီးရှင်းတမ်းဆိုတာ …” ဟု မေးရလေ၏။

ထိုအခါ အဘက- ‘ ဒီလိုကွ … စေတီတော်ကြီးတစ်ဆူမှာ ဂေါပကအဖွဲ့ ငွေစာရင်းရှင်းတမ်း ကြော်ငြာဘုတ်ကြီး ချိတ်ထားတယ်။

ရငွေ – ၄၁၂၅၆၇၉၀၀ ကျပ် ၁၅ ပြား၊

သုံးငွေ – ၄၁၂၅၆၇၉၀၀ ကျပ် ၁၅ ပြား၊

ကျန်ငွေ – ၀၀ ကျပ် ၀၀ ပြား …. တဲ့ …။

သူတို့စာရင်းက ဘယ်တော့ကြည့်လိုက်ကြည့်လိုက် လက်ကျန်ငွေ ၀၀ ကျပ် ၀၀ ပြားဟေ့ ..” ဟု ပြောပြသောကြောင့်
ကျွန်ုပ်တို့မှာ ရယ်ရမဆုံး တအုံးအုံး ဖြစ်ရလေ၏။

တစ်ခါတစ်ရံတွင်လည်း အဘက – ‘မင်းတို့လည်း ဗိုလ်စိန်မှန်ရှင်းတမ်းနဲ့ တိုးတော့မယ် …” ဟု ပြောလေ့ရှိပြန်၏။

(ယင်းဗိုလ်စိန်မှန်ရှင်းတမ်းမှာမူ 18+ အကြောင်းအရာဘက်သို့ နွယ်နေသောကြောင့် သိလိုသူများ ရှေးမှနောက်မီ လူကြီးမိဘများအား မေးမြန်းကြပါလေကုန်)

အကြောင်းကြုံလာသောအခါများ၌ မှတ်မှတ် ရရ အသုံးချနိုင်ကြပါစေသော်ဝ် …။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

၂ဝ၁၉ စက်တင်ဘာ ၂၃

LEAVE A REPLY

Please enter your comment!
Please enter your name here