Home စိတ်ခွန်းအားနှင့် ဉာဏ်အလင်း ကျွန်တော်၏အကြောင်း(သို့မဟုတ်) ဇင်ယော်ဖြစ်လာသောကျီးကန်းတစ်ကောင်

ကျွန်တော်၏အကြောင်း(သို့မဟုတ်) ဇင်ယော်ဖြစ်လာသောကျီးကန်းတစ်ကောင်

239
0
ကျွန်တော်၏အကြောင်း(သို့မဟုတ်) ဇင်ယော်ဖြစ်လာသောကျီးကန်းတစ်ကောင်

ကျွန်တော်၏အမည်မှာ မောင်ကျော်စိုးထွန်း ဖြစ်ပါသည်။ ကျွန်တော့်ကို အဖဦးကျော်မောင်း၊ အမိဒေါ်ခင်သန်းတို့မှ တောင်တွင်းကြီးမြို့တွင် ဖွားမြင်ပါသည်။ ကျွန်တော့်တွင် ညီမ ၂ ယောက်၊ ညီ ၂ ယောက်ရှိပါသည်။
ကျွန်တော်၏ဖခင်မှာ အသားဖြူသည့်ဘက်သို့ပါသော်လည်း မိခင်မှာ အသားအလွန်ညိုပါသည်။ ကျွန်တော်မှာ အမေတူသားဖြစ်ကာ အသားအလွန်မည်းပါသည်။ မွေးချင်းမောင်နှမများအနက် ကျွန်တော်သည် အသားအမည်းဆုံး ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်၏အမည်ရင်းမှာ မောင်ကျော်စိုးထွန်းဟု ဖြစ်သော်လည်း ကျွန်တော့်တွင် မရေတွက်နိုင်လောက်သော အမည်ပြောင်များစွာကို ရရှိခဲ့ပါသည်။ ကျွန်တော့်အား ဦးကြီးတစ်ယောက်က မဲလုံးဟုခေါ်ပါသည်။ ဦးလေးတစ်ယောက်က ကုလားဟု ခေါ်ပါသည်။ အဒေါ်တစ်ယောက်က ကပ္ပလီဟု ခေါ်ပါသည်။

ကျောင်းနေချိန်သို့ရောက်သောအခါတွင်လည်း သူငယ်ချင်းများက အသားမည်းသည်ကို အကြောင်းပြု၍ မကြာခဏ စကြပြောင်ကြပါသည်။ လက်မောင်းချင်းလာကပ်ပြီး
`နင့်အသားနဲ့ ငါ့အသား တိုင်းကြည့်စမ်း`ဟု သူတို့အသားဖြူကြောင်း ဂုဏ်ဖော်လေ့ရှိကြပါသည်။ သို့မဟုတ် ကျွန်တော်အသားမည်းကြောင်း နှိမ်လေ့ရှိကြပါသည်။
ဤသို့ဖြင့် ကျွန်တော်အလယ်တန်းကျောင်းသားဘဝသို့ရောက်သောအခါ ကျီးကန်း၊ လူမည်း …စသည်ဖြင့် အမည်ပြောင်များ ထပ်ပြီး တိုးလာခဲ့ပါတော့သည်။

အစ ပထမတွင် ကျွန်တော်သည် မိမိအသားမည်းရခြင်းအတွက် အားငယ်သလိုလို၊ ဝမ်းနည်းသလိုလို၊ ရှက်ရွံ့သလိုလိုလေးများ ခံစားခဲ့ရဖူးပါသေးသည်။ (ပြင်းပြင်းထန်ထန်တော့ မခံစားခဲ့ရဖူးပါ။ အကြောင်းမှာ ကျွန်တော်သည် စာပေဝါသနာကြီးသော ဖခင်၏ကျေးဇူးကြောင့် တတိယတန်းကျောင်းသားအရွယ်ကပင် ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းများအပါအဝင် မြန်မာစွယ်စုံကျမ်းများကို အတွဲလိုက် ဖတ်ရှုနေခဲ့ပြီ ဖြစ်ပါသည်။ ၃ တန်းကျောင်းသားအရွယ်က စာအုပ်ကိုပင် ကောင်းကောင်းမနိုင်ဘဲ နေ့စဉ် ဖတ်ရှုခဲ့သော အလွန်ထူပြီး အလွန်လေးသည့် မြန်မာစွယ်စုံကျမ်း ၁၄ တွဲအနက် အတော်များများကို ဘယ်အတွဲတွင် ဘယ်အက္ခရာများနှင့် စပြီး ဘယ်အက္ခရာအကြောင်းအထိပါသည် … စသည်ဖြင့် ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်ပါတော့သည်။ ထိုသို့ စာဖတ်သောအလေ့အထရှိခြင်းကြောင့် ဘယ်အမှုသည် ရှက်ရွံ့ဖွယ်ဖြစ်သည်၊ ဘယ်အရာသည်ကား ဂုဏ်ယူဖွယ်ဖြစ်သည် … စသော အတွေးအခေါ် အခံကလေးများ မသိစိတ်တွင် ကိန်းအောင်းလာနေမှုကြောင့် မိမိအသားမည်းခြင်းအား နှိမ်ချပြောင်လှောင်မှုများအပေါ်တွင် ပြင်းထန်စွာ မခံစားခဲ့ရခြင်းဖြစ်မည်ဟု ပြန်တွေးကြည့်မိပါသည်ခင်ဗျာ …။ )

ဤသို့ဖြင့် ၈ တန်း ၉ တန်းအရွယ်သို့ရောက်လာသောအခါ ကျွန်တော့်တွင် အမည်ပြောင်များက မမှတ်မိနိုင်တော့လောက်အောင်ပင် ပို၍ပို၍ များလာပါတော့သည်။
သို့ရာတွင် ထိုအရွယ်သို့ရောက်လာသောအခါ မြီးကောင်ပေါက်စ ကျွန်တော်သည် အရှက်အရွံ့သိမ်ငယ်စိတ်များ ပို၍ ဖြစ်လာရမည့်အစား ပြောင်းပြန် ခံစားခဲ့ဖူးသည်ဆိုသောအကြောင်းကလေးကို ရေးပြလိုရင်း ဖြစ်ပါသည်။

ကျွန်တော့်လိုပင် အကြောင်းကြောင်းကြောင့် သူငယ်ချင်းများအကြား၌ အနှိမ်ခံရတတ်သော၊ အနောက်အပြောင်ခံရတတ်သော၊ မျက်နှာ အင်မတန်ငယ်ကြရသော ကမ္ဘာပေါ်မှ လူမမယ်လေးများအားလုံးအတွက် ကိုယ်ချင်းစာစိတ်ပြင်းထန်စွာဖြင့် ဤစာကို ရေးလိုက်မိခြင်း ဖြစ်ပါသည်။

ဤကမ္ဘာမြေပေါ်တွင် စိတ်ဓါတ်ခံနိုင်ရည် နုနယ်သေးသော ကလေးငယ်ပေါင်း များစွာတို့သည် အကြောင့်ကြောင်းကြောင့် ကျောင်းတွင် အနှိမ်ခံရလေ့၊ သိမ်ငယ်ရလေ့ ရှိကြပါသည်။

အသားမည်းခြင်းကြောင့်၊ ဘယ်သန် ဖြစ်ခြင်းကြောင့်၊ မျက်စိမှုန်ခြင်းကြောင့်၊ မျက်စိစွေခြင်းကြောင့်၊ ခြေထောက် မသန်ခြင်းကြောင့်၊ လက်မသန်ခြင်းကြောင့်၊ အမာရွတ်ရှိခြင်းကြောင့်၊ မျက်ခမ်းစပ်ခြင်းကြောင့်၊ ဝဲပေါက်ခြင်းကြောင့် … စသည်စသည်တို့ကြောင့် အနှိမ်ခံ၊ အပြောင်အနောက်ခံရခြင်းများ ရှိသလို မိဘဆင်းရဲမှုကြောင့် အနှိမ်ခံရခြင်းများလည်း ရှိတတ်ပါသည်။

ဖိနပ်စုတ်၍ အနှိမ်ခံရခြင်း၊ လုံချည်ကလေးဟောင်းနေ ပေါက်နေ၍ အနှိမ်ခံရခြင်း၊ စာအုပ်မဝယ်နိုင်၍၊ ကျောင်းလခ မပေးနိုင်၍၊ ထမင်းချိုင့် မထည့်နိုင်၍၊ ထမင်းချိုင့်တွင် ဟင်းမကောင်း၍ အနှိမ်ခံရခြင်း၊ စသည်ဖြင့် သူများတွေက မနှိမ်လျှင်ပင် ကိုယ့်ကိုယ်ကို သိမ်ငယ်ရခြင်းများ ဖြစ်ရတတ်ပါသည်။

ကလေးအချို့မှာလည်း အဖေက အရက်သမားကြီးဖြစ်သောကြောင့်၊ ထောင်ထွက်ကြီး ဖြစ်သောကြောင့်၊ ဆင်းရဲသား မုဆိုးမ၏သား ဖြစ်နေခြင်းကြောင့်၊ အကြွေးမပေးဘဲ ထွက်ပြေးနေသူ ဖြစ်ခြင်းကြောင့် … စသည်ဖြင့် အပြောင်ခံရလေ့၊ အနှိမ်ခံရလေ့ ရှိတတ်ကြပါသည်။

ကျွန်တော်ရေးပြလိုသောအကြောင်းကို ဆက်ပါဦးမည်။ သူငယ်ချင်းများက ကျွန်တော့်အား ချစ်စနိုးဖြင့်လည်းကောင်း၊ နှိမ်လိုသောသဘောဖြင့်လည်းကောင်း အမည်ပြောင်များခေါ်၍ စကြနောက်ကြသောအခါများတွင် ကျွန်တော်တွေးမိသည်မှာ ဤသို့ဖြစ်ပါသည်။

`အသားမည်းတာ ငါ့ကြောင့်မှ မဟုတ်ဘဲ။ ငါညံ့လို့၊ ငါ မကောင်းမှုလုပ်လို့ မည်းတာမှ မဟုတ်ဘဲ၊ သူ့ဟာသူ မည်းနေတာ ငါက ဘာလုပ်ရမှာတုံး၊ ငါက ဘာဖြစ်ရမှာတုံး၊ အသားမည်းတော့ ဘာဖြစ်လဲ၊ လောကကြီးမှာ အသားဘယ်လောက်မည်းမည်း အောင်မြင်အောင်လုပ်လို့ရတာတွေ အများကြီး …`ဟု ဖြစ်ပါတော့သည်။

ထို့အပြင် လူသားတို့၏ သဘာဝအတိုင်း မခံချင်စိတ်လေးများလည်း ပို၍ပို၍ ကြီးထွားလာခဲ့ရပါသေးသည်။

`နင်အသားဖြူတာ နင် ကြိုးစားလို့ ဖြူတာမှ မဟုတ်တာ၊ ဟိုကောင် ရုပ်ချောတာလည်း သူကြိုးစားလို့ ချောတာမှ မဟုတ်တာ။ သူ့ဟာသူ မွေးရာပါ ဖြူလို့ ဖြူနေတာ၊ မွေးရာပါ ချောလို့ ချောနေတာ၊
နင်တို့မိဘတွေ ပိုက်ဆံပေါလို့ ဖိနပ်အကောင်းစား စီးနိုင်တာ၊ စက်ဘီးနဲ့ ကျောင်းတက်နိုင်တာ၊ ဗလာစာအုပ် အချော သုံးနိုင်တာ ..၊

အဲဒါတွေကို ငါက ဘာအထင်ကြီးရမှာတုံး …၊ ဘာကို သွားပြီး အားကျရမှာတုံး …၊ အဲဒီလို ကိစ္စတွေမှာ ငါက ပြိုင်စရာလည်း မလိုသလို အားကျစရာလည်း မလိုဘူး၊ အားငယ်စရာ သိမ်ငယ်စရာလည်း မလိုဘူး၊ အေး … အဲဒီလိုဟာတွေနဲ့ ငါ့ကို လာလာပြီး ကျောကြတယ်။ ငါ့ကိုလာလာပြီး ဂုဏ်ဖော်ကြတယ်။ ငါ့ကို လာလာပြီး နှိမ်ကြတယ်၊ ငါ့ကို လာလာပြီး ပြောင်ကြတယ် …။

အေး… တွေ့မယ် …။ တစ်ချိန်ချိန်တော့ တွေ့မယ်၊ ဟောဒီ အသားမည်းမည်းကောင်လေးဟာ သူကိုယ်တိုင်ကတော့ ဘယ်လောက်တော်တဲ့အကြောင်း သိစေရမယ် ….` ဟူသော မခံချင်စိတ်များပင် ဖြစ်ပါတော့သည်။

ဤသို့ဖြင့် ကျွန်တော်သည် ၅ တန်းကျောင်းသားအရွယ်က စ၍ ဝါသနာပါသော ပန်းချီဆွဲခြင်း၊ စာစီစာကုံးရေးခြင်း၊ ကဗျာစပ်ခြင်းများကို တစိုက်မတ်မတ် ပြုလုပ်လာခဲ့ရာ ကျွန်တော် ၈ တန်းကျောင်းသားအရွယ်တွင် ကျောင်းစာကြည့်တိုက်အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး စာကြည့်တိုက်အလုပ်များကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ဖူးပါသည်။ ကျောင်းနံရံကပ်စာစောင်များတွင် ကဗျာရေးခြင်း၊ စာစီစာကုံးပြိုင်ခြင်း၊ ပန်းချီပြိုင်ခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း … စသည်များကိုလည်း လက်မလွတ်တမ်းပြုလုပ်ခဲ့သောကြောင့် အနုပညာဆိုင်ရာဆုများ များစွာရရှိခဲ့ဖူးပါသည်။ (ကျောင်းစာတွင်တော့ အထူးအားနည်းခဲ့ပါသည်။)

ကျွန်တော် ၉ တန်းကျောင်းသားဘဝတွင် ကြက်ခြေနီစာစောင်၊ သင့်ဘဝမဂ္ဂဇင်း၊ သောကြာစာစောင် … စသည်တို့၌ ကဗျာလေးများ ပုံနှိပ်ဖော်ပြခံလာရပြီဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့်တွင် သူငယ်ချင်းများက ချစ်စနိုးနှိမ်ချ၍ခေါ်သောအမည်ပြောင်များရှိသကဲ့သို့ ကျွန်တော့်အား အင်္ဂလိပ်စာဆရာက ကဗျာဆရာဟုသာ ခေါ်ပါတော့သည်။ မြန်မာစာဆရာက စာကြည့်တိုက်မှူးဟု ခေါ်လေ့ရှိပါသည်။ သူငယ်ချင်းအချို့ကလည်း စာရေးဆရာဟု ခေါ်လာကြပါတော့သည်။

နောင်တစ်ချိန်တွင် ကျွန်တော်သည် ဝါသနာကြီးစွာသော ကာတွန်းလောကသို့ ကြိုးစား၍ ဝင်ရောက်ခဲ့ရာ ကျော်ပြောင်ဟူသော ကလောင်အမည်တစ်ခုကိုလည်း ပိုင်ဆိုင်ရပြန်ပါတော့သည်။

ထို့နောက် အဘဆရာကြီးမင်းသိင်္ခထံသို့ရောက်ရှိသွားခဲ့ပြန်ပြီး အဘမင်းသိင်္ခက ဗေဒင်ဆရာအဖြစ်အသက်မွေးရန် ဇေယျာနွယ်ဟူသောအမည်ဖြင့် ဗေဒင်အောင်လက်မှတ် ချီးမြှင့်ခဲ့ပါသည်။
ထို့နောက်တစ်ဖန် အဘမင်းသိင်္ခသည် အတိတ်နိမိတ်ကောင်းတစ်ခုကိုရည်ရွယ်လျက် ကျွန်တော့်အား ဇင်ယော်နီဟု အမည်တစ်ခု ထပ်မံချီးမြှင့်ခဲ့ပြီး ၎င်းအမည်ဖြင့် ဗေဒင်ဟောပြောရန်၊ စာရေးရန် လမ်းညွှန်ခဲ့သောကြောင့် ဇင်ယော်နီဘဝသို့ ရောက်ခဲ့ရပြန်ပါတော့သည်။

မကြာမီရက်ပိုင်းက ကျွန်တော်သည် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော ငယ်သူငယ်ချင်းများနှင့် ပြန်လည်ဆုံဆည်းမိပါသည်။ အင်တာနက်မှလည်း ဆက်သွယ်မိကြပါသည်။ ဤအခါတွင်လည်း တစ်ဦးနှင့်တစ်ဦး ငယ်ကျိုးငယ်နာများကိုဖော်၍ ရင်းနှီးချစ်ခင်စွာ စကြ နောက်ကြလေသည်။ အချင်းချင်း ငယ်ငယ်က ပြောင်ခဲ့နောက်ခဲ့သောအမည်များဖြင့်ခေါ်ရင်း တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြ၊ နောက်ကျောကို လက်သီးဖြင့်ထုကြ၊ ချစ်စနိုးဆဲရေးကြ လုပ်ကြလေသည်။ တဝါးဝါး တသောသောဖြင့် အလွန်ပင် ကြည်နူးဝမ်းသာစရာများ ဖြစ်ပါတော့သည်။

ပြန်၍စဉ်းစားကြည့်သောအခါ သူတို့ စခဲ့ပြောင်ခဲ့ နောက်ခဲ့ကြခြင်းအပေါ် ကျွန်တော်သည် ငယ်စဉ်ကလည်း စိတ်မဆိုးခဲ့သည့်အပြင် မိမိ၏ မွေးရာပါ အားနည်းချက်၊ ချို့ယွင်းချက်အပေါ် ကောင်းသော၊ မှန်ကန်သော မခံချင်စိတ်ကို မွေးတတ်ခဲ့၍၊ ငါတော့ဖြင့် တစ်ခုခုမှာ အောင်မြင်မှ ဖြစ်ကိုဖြစ်မယ်ဟူသော ကောင်းသောမာန်ကို တင်းနိုင်ခဲ့၍သာလျှင် ဘဝခရီး၌ အရိပ်ကောင်းလေးတစ်ခုတွင် နားခိုနေနိုင်ခြင်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကိုပင် ကျေးဇူးတင်ဖွယ် ဖြစ်နေပါသေးတော့သည်။ (၎င်းသူငယ်ချင်းများမှာလည်း ၎င်းတို့ငယ်စဉ်က ကျွန်တော်အပါအဝင် အခြား သူငယ်ချင်းများအား စခဲ့ပြောင်ခဲ့ကြခြင်းများသည် မကောင်းသော စေတနာဆန္ဒများဖြင့် မဟုတ်ခဲ့သည်မှာတော့ သေချာပါသည်။ ၎င်းတို့မှာလည်း ထိုစဉ်က ကလေးများပင်ဖြစ်နေခဲ့သည် မဟုတ်ပါလောဗျာ …)

အချုပ်အားဖြင့် ဆိုရပါလျှင် လူတို့၏သဘောသဘာဝမှာ ပညာ၌လည်းကောင်း၊ ရာထူးဂုဏ်ရှိန် သြဇာအာဏာ၌လည်းကောင်း၊ ငွေကြေးရတနာဥစ္စာတို့၌လည်းကောင်း၊ တရားဘာဝနာ၌လည်းကောင်း …. စသည်စသည်ဖြင့် တစ်စုံတရာသော အရာ၌ ထူးထူးချွန်ချွန်အောင်မြင်လာသောအခါ ထိုသူ၏ အရုပ်ဆိုးခြင်း၊ အသားမည်းခြင်း၊ ဘဝနိမ့်ပါးခဲ့ခြင်း၊ ကိုယ်ခန္ဓာတစ်စုံတရာ ချို့ယွင်းခြင်း … စသည်စသည်တို့ကို မျက်စိအမှောက်ကြီး မှောက်သွားတတ်ပါလေသည်။

သို့ပါသောကြာင့် ကမ္ဘာအရပ်ရပ်မှ တစ်စုံတရာချို့ငဲ့၊ ချို့တဲ့၊ ချွတ်ယွင်းမှုကြောင့် အနှိမ်ခံ၊ အပြောင်ခံ၊ အနောက်ခံနေရသော လူမျိုးအသီးသီး၊ ဘာသာအသီးသီးသော ကလေးငယ်အပေါင်းတို့ရေ ….၊

မင်းတို့ဘဝမှာ မွေးရာပါ ပါလာတဲ့ အားနည်းချက်တွေအတွက်၊ ကိုယ်ကြိုးစားခွင့်၊ ပြင်ယူခွင့်မရှိတာတွေအတွက်၊
ကိုယ်ညံ့လို့ မဟုတ်တဲ့ကိစ္စတွေအတွက် …
ဘယ်တော့မှ မသိမ်ငယ်လိုက်ကြပါနဲ့ …၊
ဘယ်တော့မှ မျက်နှာ မငယ်လိုက်ကြပါနဲ့ …၊
ဘယ်တော့မှ ဝမ်းမနည်းလိုက်ကြပါနဲ့ …၊
ဘယ်တော့မှ အားမငယ်လိုက်ကြပါနဲ့ …လို့
မင်းတို့အတွက် ကြည်နူးခြင်းစေတနာ တလင်းလင်းလက်လျက် ဒီစာကို ရေးလိုက်ရကြောင်းပါကွယ်တို့ …။ ။

(အဘကြီး အမေကြီး၊ အဖေအမေ၊ ဆရာဆရာမများနှင့် သူငယ်ချင်းများ၊ ဤစာမျိုး ရေးဖြစ်/ရေးနိုင်သွားအောင် နည်းအမျိုးမျိုးဖြင့် အရောက်ပို့ပေးခဲ့ကြပါသောသူများအား အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိလျက်)

ဇင်ယော်နီ

၂၀၁၇ မေ ၁၆၊ အရုဏ်နံနက်ခင်း၊

LEAVE A REPLY

Please enter your comment!
Please enter your name here