Home ကဗျာရိပ် လှေလှော်သူများ

လှေလှော်သူများ

83
0
လှေလှော်သူမျာ

လှေလှော်သူများ

– – – – – – – – – – –
ကျွန်တော်သည်
လှေကလေးကိုလှော်လျက်
ခရီးထွက်လျက်ရှိပါသည်။

ကျွန်တော်သည်
အရုဏ်တက် အလင်းနုချိန်ကလေးများ၌လည်းကောင်း၊
မွန်းတည့်နေ လောကဓံ၏အောက်၌လည်းကောင်း၊
ဆည်းဆာ၏ သားချော့တေးသံနှင့်အတူလည်းကောင်း၊
လှေကလေးကို လှော်ခတ်ခဲ့ပါသည်။

အရုဏ်သည်
ကျွန်တော့်ကို ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
မွန်းတည့်နေသည်
ကျွန်တော့်ကို ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
ဆည်းဆာသည်
ကျွန်တော့်ကို ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
ကျွန်တော်ကတော့
လှေကလေးကို လှော်ခတ်လျက် ရှိနေပါသည်။

ကျွန်တော်သည်
နွေဦး၏ဥသြငှက်များနှင့်အတူ
လှေကလေးကို လှော်ခတ်ခဲ့ဖူးပါသည်၊
မိုးဝသန်၏စံပယ်ပွင့်လေးများနှင့်အတူ
လှေကလေးကို လှော်ခတ်ခဲ့ဖူးပါသည်။
ဟေမန္တာ၏ အိပ်မက်ဆိုးများနှင့်အတူ
လှေကလေးကို လှော်ခတ်ခဲ့ဖူးပါသည်။

နွေဦးနှင့် ဥသြတို့သည်
ကျွန်တော့်ကို ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
မိုးဝသန်နှင့် စံပယ်တို့သည်
ကျွန်တော့်ကို ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
ဟေမန္တာနှင့် အိပ်မက်ဆိုးတို့သည်
ကျွန်တော့်ကို ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
ကျွန်တော်ကတော့
လှေကလေးကို လှော်ခတ်လျက် ရှိနေပါသည်။

မြစ်တွင်
နံနက် နေ့ ည မရှိကြောင်း
ကျွန်တော် သိသည်ထက် သိလာနေပါသည်။
မြစ်တွင် ရန်သူ မိတ်ဆွေဟူ၍လည်း မရှိ၊
မြစ်တွင် ချစ်ခြင်း မုန်းခြင်းဟူ၍လည်း မရှိ
မြစ်တွင် မြစ်ကလွဲ၍ ဘာမျှရှိမနေကြောင်း
ကျွန်တော် သိသည်ထက် သိလာနေပါသည်။
မြစ်နှင့်အတူ
ကျွန်တော် လှေကလေးကို လှော်ခတ်လျက် ရှိနေပါသည်။

ကျွန်တော်သည်
မြစ်ကို
ချစ်ချင်ချစ်မည်၊ ရန်ပြုချင်ပြုပါလိမ့်မည်၊
မြစ်ကတော့
ကျွန်တော့်ကို
သူ့လှေကလေးကို
လှော်ခတ်လျက်ရှိနေပါတော့သည် ။ ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

၂၀၁၈ ဇန် ၃၀

LEAVE A REPLY

Please enter your comment!
Please enter your name here