ငရဲတောင်တန်းပေါ်မှာ ပန်းစိုက်ကြမယ်
ဘယ်လောက်ပဲ မွဲပြာကျကျ
လဲရာက ထ ရမှာ ငါ့တာဝန်ပဲ
အသည်းမာကြောင်းတော့ ပြရသေးတာပေါ့ကွာ။
လောကဓံက ကြမ်းသတဲ့လား
သူကြမ်းတော့ ကိုယ်ကြမ်း
လွမ်းလောက်စရာ မရှိပါဘူး
ကိုယ်စွမ်းပြရမှာက ငါ့ကိစ္စပဲဟေ့။
အခက်အခဲတွေက ကြီးသတဲ့လား
အခက်အခဲတွေက ကြီးတော့လည်း
အသက်အသည်း မကြွေသရွေ့ကတော့
ဘီလူးသရဲစီးသလို ပွဲတောင်း
ပွဲကြီးပွဲကောင်းတွေ နွှဲကြရုံပေါ့ကွာ။
ပါပ ကြမ္မာမုန်တိုင်းတွေက
ဘာကမှ မညှာ ပြုံဝိုင်းလာတော့လည်း
ငါဆိုတဲ့ကောင်ကလေ
မာနတွေနဲ့ ကဆုန်စိုင်းလိုက်မယ့်အမျိုး
မယုံရင် ရှေ့တိုးခဲ့လေဟေ့ကောင်။
အကဲ လာမစမ်းနဲ့
ပွဲတစ်ရာကြမ်းသွားမယ်၊
သွေးတိုး ယောင်လို့ မစမ်းနဲ့
ခွေးမျိုးတစ်ထောင် ကန်းသွားမယ်၊
ဘို့တခါခါနဲ့ ဗိုလ်မကျနဲ့
ကိုယ့်မသာ ကိုယ်ချသွားရမယ်။
နင်လားဟဲ့ ခယောင်းလမ်း
နင်ပဲနင်မို့ ကြမ်းလေသလား
ငါပဲငါမို့ စွမ်းလေမလား
အစကတည်းးက ဘာမှ ပါမလာတဲ့ဘဝ
သန်းခေါင့်ထက်တော့ ညမနက်
သုညထက်တော့ ဘဝပျက်စရာ မရှိပါဘူး
ဗုံးအခါခါ ထိပေမယ့်
ရှုံးစရာ ရှိနေတာကိုက ငါ့အောင်ပွဲပဲဟေ့။
အဆိုးကံ ဗျာယတွေရေ
ငြိုးမာန် လာထ ဖို့ စိတ်မကူးလေနဲ့
ငါကလည်း
ပုဆိုးလှန်ပြလိုက်ရုံပဲ ရှိပါသကွ။
ကမ္ဘာ့သမိုင်း အဆက်ဆက်မှာ
ပါပ အရိုင်းသဘက်တွေကလည်း
တစ်ကောင်ကျ တစ်ကောင်တက်၊
မဟာဓမ္မ အကိုင်းအခက်တွေကလည်း
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်၊
မင်းတို့မှာလည်း မင်းတို့အသက်နဲ့
ငါတို့မှာလည်း ငါတို့အသက်နဲ့
အသက်ချင်းတူပေမယ့်
အသည်းချင်း မတူဘူး ဟေ့ကောင်၊
အသည်းချင်း တူရင်လည်း
သွေးချင်းမတူဘူး ဟေ့ကောင်၊
ငရဲပြည်ရဲ့ အမြင့်ဆုံးတောင်တန်းတွေမှာမှ
ပန်းတွေ လှလှကြီး ပွင့်ပြ မွှေးပြဖို့က ငါ့အရေး
ဇ မသေးပါဘု လာထား
ရွာစားရေ …ကြာသလားလို့
မတိမ်းမစောင်းရအောင်
ဗိန်းဗောင်းသံကိုတဲ့ နာနာကြား။ ။
ဇင်ယော်နီ
၂ဝ၂ဝ ဧပြီ ၈
(ကိုဗစ်နိုင်တီး ခုခံစစ်ကာလတွင် ရေးသည်)