Home ရသစုံတောမြိုင် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး လမ်းဘေးခွေးဇာတ်ထုပ်

လမ်းဘေးခွေးဇာတ်ထုပ်

172
0

(၂၀၁၉ ဇွန် ၁ News Watch Journal)
———————–
ပန်းသတင်းလေညှင်းဆောင်၊
လူသတင်း လူချင်းဆောင်ဟု ဆိုကြသည်။
ယခုမူကား ခွေးသတင်းကို လူချင်းဆောင်ခြင်း ဖြစ်လေတော့သည်။

ယခုတေလာ့
မဟာဖွတ်ကလိကုန်းရွာ၏ ရေပန်းအစားဆုံးသတင်းမှာ
ခွေးသတင်း ဖြစ်နေလေသည်။

လမ်းဘေးက ပိုင်ရှင်မဲ့ခွေးများကို
သူကြီးဟောင်း ဦးဘစူ၏ သားတော်သမီးတော်၊
မြေးတော် မြစ်တော်တို့က နေ့စဉ်ရက်ဆက်ဆိုသလို
အစာရေစာများ ကျွေးမွေးနေသောသတင်း ဖြစ်လေတော့သည်။

အတွင်းဘက်က ပေါက်လာသော သတင်းများအရဆိုလျှင်
ဦးဘစူ၏ ဆွေတော်မျိုးတော်တို့သည်
လမ်းဘေး ပိုင်ရှင်မဲ့ခွေးတို့အား ကျွေးမွေးခါနီး၌
ပြားပြားဝပ် ဖင်ဗူးတောင်းထောင်၍ပင် ကန်တော့သမှုပြုကြပြီးမှ ကျွေးမွေးကြသည်ဟု ဆိုလေ၏။

ဤတွင် သွားလေသူ သူကြီးဟောင်းဦးဘစူ၏အကြောင်းကို
ပြန်ပြောင်း မိတ်ဆက်ရန် လိုအပ်လာချေပြီ။

ဦးဘစူနှင့်တကွ
ဦးဘစူ၏အဖေ ဦးဘပူ၊ ဦးဘပူ၏အဖေ ဦးဘထူတို့ ဆွေစဉ်မျိုးဆက်သည်
ဖွတ်ကလိကုန်းတွင် သူကြီးအာဏာကို လက်မလွှတ်တမ်း ယူထားခဲ့ကြပြီး
ဓားမိုး၍ ထင်တိုင်းကြဲအုပ်ချုပ်ခဲ့ကြလေ၏။

ယင်းအာဏာရှင်သူကြီးဆိုးအဆက်ဆက်တို့သည်
ရက်စက်မှုတွင် ကမ်းကုန်သလောက်
ယုတ်မာမှုတွင်လည်း သရဖူဆောင်းခဲ့ကြ၏။

ယင်းတို့၏ယုတ်မာမှုများထဲမှ အချို့ကို
ထုတ်နုတ်တင်ပြရသည်ရှိသော်
ယင်းတို့သည် လူမိုက်များ ကိုမွေး၍
မူးယစ်ဆေးအကြီးအကျယ် စိုက်ပျိုးထုတ် လုပ်ခဲ့ကြ၏။

ရံဖန်ရံခါဆိုသလို မလိမ္မာ၊ မပါးနပ်သော ရွာလုံခြုံရေးအဖွဲ့များက မူးယစ်ဆေးများကို လှည်းအစီးလိုက် ဖမ်းမိတတ်၏။ ထိုရောအခါများတွင် ဖွတ်ကလိကုန်းရွာသူရွာသားတို့
ကြိုတင်၍ ဟောကိန်းထုတ်ကြသည်မှာ –

“မူးယစ်ဆေးတွေတော့ လှည်း ဘယ်နှစီးတိုက် ဖမ်းမိပြန်ပြီတဲ့ဟေ့ …၊ အင်း …ပိုင်ရှင်မဲ့ ဖြစ်သွားမှာပါကွာ …”ဟု ဖြစ်လေတော့၏။
ရွာသားတို့၏ ဟောကိန်းသည်ကား
နဖူးကို လက်နှင့် ရိုက်ရလောက်အောင် မှန်လွန်းပေတော့သည်။

နောက်တစ်နေ့နံနက်ထုတ်
ဖွတ်ကလိကုန်း ဒေးလီးသတင်းစာတွင် “ပိုင်ရှင်မဲ့မူးယစ်ဆေးများ ဖမ်းမိ”ဟူသော သတင်းသည် ပြူးနေအောင်
ပါလာတတ်လေတော့၏။

နောက်တစ်ခုရှိသေးသည်။
ဦးဘစူတို့သည် သူတို့၏အမာခံသတင်းပေး အင်ဖော်မာများခန့်ထား၍ ရွာထဲ၌ မပြတ်စုံစမ်းလေ့ရှိ၏။
ယင်းတို့၏ သြဇာအာဏာကို ထိပါးမည့်အရိပ်အခြေ မြင်လာသူများဆိုလျှင် အနှေးနှင့်အမြန် အစပျောက်သွားလေတော့၏။

အစဖျောက်သောအမှုများမှာလည်း
တရားခံမပေါ်ဘဲ အမှုပါပျောက်သွားသည်များ ရှိသကဲ့သို့ ကံဆိုးမိုးမှောင်ကျစွာ တရားခံအား ရွာကဝိုင်းဖမ်းမိသောအခါများတွင်လည်း ထိုတရားခံသည် ရူးသလိုလို၊
ကြောင်သလိုလို၊ ရွှေပျောက်သလိုလို ဖြစ်ကာ
ယင်းအား မည်သူက ငွေပေး၍ခိုင်းစေသည်ဆိုသည့် ကွင်းဆက်သည် ပြတ်သွားတတ်လေ၏။

သို့ကြောင့် ထိုသို့သော ရာဇဝတ်မှုကြီးများတွင်လည်း
ကျူးလွန်သူမှာ ပိုင်ရှင်မဲ့ ဖြစ်သွားရတတ်လေ၏။

အဆိုပါသူကြီးဆိုး အစဉ်အဆက်တို့၏ ယုတ်မာရက်စက်မှု အကွက်ဇယားတို့ကို ဖွတ်ကလိကုန်း ရွာသားတို့ကမူ နောကျေနေပြီဖြစ်၏။
သို့ရာတွင်ကား ဦးဘစူတို့သည် သိသာသိစေ၊ မမြင်ရင်ပြီးရော
ဟူသောထုံးကို နှလုံးပိုက်ကာ
ပျော်ပျော်ကြီးဆက်၍ မိုက်ခဲ့ကြလေ၏။

ယင်းတို့၏ ယုတ်မာမှုသရုပ်ကို အနှစ်ချုပ်ပြ ရလျှင်ကား လူဆိုးလူမိုက်တို့ကို ငွေပုံပေး၍ မွေးထားသည်။
ထိုလူဆိုးလူမိုက်တို့ကို အသုံးချ၍ ဥပဒေပြင်ပ အလုပ်မျိုးစုံကို စုံနေအောင်လုပ်ကြသည်။ ရာဇဝတ် မှုမျိုးစုံကို ကျူးလွန်ကြသည်။

ဘာအစအနမှမပေါ်ဘဲ ပြဿနာမဖြစ်တော့လည်း အေးအေးဆေးဆေးပေါ့ …။

လူမိသွားတော့လည်း အဲဒါ ယင်းတို့နှင့်မဆိုင်၊ ကျူးလွန်သူများ၏ တာဝန်သာဟု ထိုးချလိုက်ကြတော့သည်။
ကောင်းပေစွ …။ တော်လွန်းပေစွ …။

ရွာ၌ ဖျံကျသောင်းကျန်းနေသော
လူဆိုးသူခိုး ကြမ်းပိုး လူမိုက်များသည် သူကြီးဆိုးဦးဘစူတို့က ကျွေးမွေးထောက်ပံ့ထားသည်ဟု ရိပ်မိနေကြသော်လည်း တကယ့်တကယ် ရာဇဝတ်မှုကျူးလွန်သောအခါတွင်မူ
ဒင်းတို့ဟာဒင်းတို့ ကျူးလွန်တာ၊ သူကြီးအသိုင်းအဝိုင်းနှင့်မဆိုင်ဟု ဖြစ်သွားတတ်လေ တော့သည်။

ဤသည်ကား သူကြီးဦးဘစူတို့ အစဉ်အဆက်၏ ရက်စက်ယုတ်မာမှု မာတိကာအကျဉ်းပေတည်း …။

*****

သို့ဆိုလျှင် …ထိပ်ဆုံးကအကြောင်းအရာကို
ပြန်၍ ဆက်ရပေတော့အံ့ …။

တစ်ညသ၌ …
သူကြီးဦးဘစူ ဆုံးပါးပြီး ရက်လည်သောည၌
သမီးအငယ်ဆုံးအား ထင်ထင်ရှားရှား အိပ်မက်လာပေးသည်ဟု ဆို၏။
ထိုအိပ်မက်ထဲတွင် သူကြီးဆိုးဦးဘစူသည်
ခွေးနက်ကြီးတစ်ကောင် ဖြစ်နေပြီးလျှင် –

“သမီး သေချာမှတ် …၊
အဖေရော အဖေ့ အဖေရော၊
အဖေ့အဘိုးရော …
အဖေတို့ သူကြီးအစဉ်အဆက်
ခွေးဖြစ်နေကြတယ် …၊
စားရမဲ့၊ သောက်ရမဲ့၊ နေရာမဲ့ ဖြစ်နေတယ် …၊
အဖေတို့ကို အစာလေးတော့ ကျွေးကြပါကွယ် …” ဟု
တောင်းတောင်းပန်ပန်ပြောသည်ဟု ဆိုလေသည်။

ဦးဘစူ၏ သမီးအငယ်ဆုံးသည် အိပ်မက်မှ လန့်၍နိုးကာ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် ငိုလေတော့၏။
တစ်အိမ်သားလုံး နိုးလာကာ မေးမြန်းကြလျှင်
၎င်းအငယ်ဆုံးမက ဖြစ်ကြောင်းရယ်မှကုန်စင်ကို
နတ်သံနှော၍ ရှိုက်ကြီးတငင်ဖြင့် ပြောပြလေ၏။

အိမ်နီးချင်းအချို့ပါ လန့်ဖျတ်၍ နိုးလာကြပြီးလျှင်
အသာတီးတိုး စနည်းနာကြရာမှအစပြု၍
ထိုသတင်းသည် အပြင်သို့ ပေါက်ထွက်ခဲ့ခြင်း ဖြစ်လေတော့၏။

ထိုသည်မှစ၍ သူကြီးဟောင်းဦးဘစူ၏
သားတော်သမီးတော် မြေးတော်မြစ်တော်တို့သည်
အမဲရိုးများနှင့်ဆန်ကို ရော၍ကျိုကာ ခွက်ကြီးခွက်ငယ် အသွယ်သွယ်ဖြင့်ထည့်ပြီးလျှင် ရွာထဲမှလည်းကောင်း၊ ရွာနီးချုပ်စပ်မှလည်းကောင်း လမ်းဘေးနေ
ခွေးလေ ခွေးလွင့်တို့အား အစာဒါန ပျော်ပျော်ကြီးပြုကြလေတော့၏။

ဖွတ်ကလိကုန်းဝန်းကျင်မှ
ပိုရှင်မဲ့လမ်းဘေးခွေးတို့ ၏ဘဝသည်ကား
မထင်မှတ်ပဲ ဇာတာစန်းလဂ် တက်ခဲ့ချေပြီ။

ဦးဘထူ၊ ဦးဘပူ၊ ဦးဘစူတို့ သူကြီးအစဉ်အဆက်
လမ်းဘေးခွေးဘဝသို့ ရောက်နေသည်ဟု အိပ်မက်ရသော်လည်း အဘယ်ခွေးက ဦးဘထူ၊ အဘယ်ခွေးသည်ကား ဦးဘစူဟူ၍ ခွဲခြားနိုင်သောဉာဏ် မရင့်သန်ပြီမို့ ၎င်းတို့၏ဆွေတော်မျိုးတော်တို့သည်
တွေ့သမျှသော လမ်းဘေးခွေးကို ကျွေးမွေးပြုစုရသောအဖြစ်သို့ ရောက်ကြရခြင်း ဖြစ်လေတော့၏။

တစ်နေ့သ၌ …ရပ်မိရပ်ဖ လေးဦးတို့သည်
ရွာထဲသို့ ဆွမ်းခံကြွလာသော ရွာဦးကျောင်းဆရာတော်နှင့် အဆိုပါခွေးသတင်းကို စကားစပ်မိကြလေ၏။
ဤတွင် ရွာဦးကျောင်းဆရာတော်က
ခေါင်းကလေးကို တဆတ်ဆတ်ညိတ်ရင်း၊
ဦးပြည်းခေါင်းတုံးကို လက်ဝါးလေးဖြင့်ပွတ်ရင်း
လေအေးလေးဖြင့် သုံးသပ်မိန့်တော်မူသည်မှာ –

“အိမ်း …ဖြစ်တော့ဖြစ်နိုင်သကွ …၊
လမ်းဘေးခွေးဆိုတာမျိုးက
ဟိုလူက ကျွေးသလိုလို၊
ဒီလူကကျွေး သလိုလိုနဲ့ ရှင်သန်ကြရရှာတာ …၊
ပိုင်ရှင်မရှိဘူးဆိုပေမယ့် အဲဒီခွေးတွေကို
ရိုက်မယ်နှက်မယ် ရှင်းပစ်မယ်ဆိုရင်
အဲဒီခွေးတွေကို ကာကွယ်ပေးမယ့်လူတွေက ရှိနေပြန်ရော …။

အေး …အဲဒီခွေးတွေကများ
လမ်းသွား လမ်းလာတွေ၊ ကလေးတွေကို ကိုက်ပြီဟေ့ဆိုရင်တော့ သူတို့ဟာသူတို့ ကိုက်တာ၊ ကျွေးမွေးသူတွေနဲ့ မဆိုင်ဘူးဆိုပြီး ပိုင်ရှင်မဲ့ခွေးဖြစ်တော့တာပဲဟေ့ …၊

အေးလေ …ဒကာကြီးဦးဘစူတို့ကလည်း လူ့ဘဝတုန်းက
အဲဒီလို ဇာတ်လမ်းမျိုးတွေကို အများကြီး
လုပ်ခဲ့ကြတာ့၊
မကောင်းမှုဒုစရိုက်တွေနဲ့
ထင်ရာ အစိုင်းကြီး စိုင်းခဲ့ကြပြီး
ပိုင်ရှင်မဲ့၊ ပိုင်ရှင်မဲ့ဆိုပြီး လုပ်ပစ်ခဲ့ကြတာဆိုလေတော့ အဲဒီဝဋ်ကြွေးတွေကို ပိုင်ရှင်မဲ့ ခွေးဘဝနဲ့
ပြန်ဆပ်ကြရတယ်ထင်ပါရဲ့ကွယ် …၊

အိမ်း …ဝဋ်ဆိုတာ လည်တတ်တယ်ကွဲ့၊ ဝဋ်ဆိုတာ လည်တတ်တယ်ကွယ်ရို့ …” ဟု
အ ဖြစ် ကြီး … ဖြစ် ပါ လေ တော့ သ တ ည်း …။ ။
ယောနိသော မနသိကာယ

ကျော်ပြောင်

LEAVE A REPLY

Please enter your comment!
Please enter your name here