Home ရသစုံတောမြိုင် အခုသို့သော် တော်ကြာသို့သော် နောက်တစ်မျိုးသို့သော့်

အခုသို့သော် တော်ကြာသို့သော် နောက်တစ်မျိုးသို့သော့်

55
0
အခုသို့သော် တော်ကြာသို့သော် နောက်တစ်မျိုးသို့သော့်

(မင်းသိင်္ခပြောခဲ့သော နိုင်ငံရေးပုံပြင်များစာအုပ်မှ ကောက်နှုတ်တင်ဆက်ပါသည်ဗျာ)
**********
တစ်ခါတုန်းက ရွာတစ်ရွာမှာ
အင်မတန် စိတ်မြန်လက်မြန်ရှိတဲ့
တဇွတ်ထိုးတစ်ဇောက်ကမ်း ရှေ့မကြည့်နောက်မကြည့်
ထင်ရာစိုင်းတတ်တဲ့ သူကြီးတစ်ယောက် အုပ်ချုပ်သတဲ့ …။

တစ်နေ့တော့ ရွာထဲကို လျှောက်ပြီးကြည့်ရင်း
သူ့ရဲ့ရွာသားတွေဟာ ထန်းရည်မူးတဲ့ကောင်နဲ့၊ ကြက်တိုက်တဲ့ကောင်နဲ့၊
ဖဲဝိုင်းထောင်တဲ့ကောင်နဲ့၊
အရက်ပုန်းချက်တဲ့ကောင်နဲ့ …
ဖြစ်ချင်သလို ဖြစ်နေကြတာကို သွားတွေ့ရတယ်။

အဲဒီတော့ သူ့ရွာထဲမှာ ခိုးမှု၊ လုမှု၊ ရန်ဖြစ်မှုဆိုတာတွေလည်း အရမ်းထူပြောနေတော့တာပေါ့လေ …၊
ရွာသူရွာသားတွေဟာ
ကိုင်းအလုပ်၊ ယာအလုပ်တွေကိုလည်း
ကောင်းကောင်း မလုပ်ကြတော့ဘူးတဲ့ …။
အဲဒီမှာတင် သူကြီးဟာ စိတ်ဆိုးမာန်ဆိုးနဲ့ တစ်ရွာလုံးကို မောင်းထုဆင့်ခေါ်ပြီး အမိန့်ထုတ်သတဲ့ …။

==========================
“ဤရွာအတွင်း၌ မည်သူမျှ
အလုပ်နှင့်လက် မပြတ်စေရ၊
အလုပ်နှင့်လက် ပြတ်သည်ကို တွေ့ရသော်
သေဒဏ် ….”
=========================

လို့နှစ်လုံးပြူးကြီးကို ယမ်းယမ်းပြီး အမိန့်ထုတ်တဲ့အပြင် သူ့အိမ်ရှေ့က သင်ပုန်းကြီးမှာလည်း
အဲဒီအမိန့်ကို မီးသွေးခဲနဲ့ ရေးထားစေသတဲ့ …။

နှစ်လုံးပြူးကြီးကိုပြပြီး
ထုတ်တဲ့အမိန့်ဆိုလေတော့ ရွာသူ ရွာသားတွေဟာ ကြောက်လန့်တကြားနဲ့ အလုပ်တွေလုပ်ကြရ
သတဲ့ …။

အဘိုးကြီးအဖွားကြီးတွေလည်း မနေရဲ၊
လူမမာတွေလည်း မနေရဲလောက်အောင် ဖြစ်ကုန်ကြသတဲ့ …။
အဲဒီတော့ သူကြီးမင်းရဲ့ ဦးလေးတော်သူက-

“ဟကောင် … ငါတူ သူကြီးမင်းရဲ့၊
မင်းအမိန့်ကလည်း ပြင်းလှချည်လား၊
လူတွေသေကုန်မှာပေါ့ကွ၊ အဲဒီလောက်ကြီးလည်း
မလုပ်ပါနဲ့ကွာ …”” လို့ ပြောတဲ့အခါ သူကြီးမင်းက-

“သြော် … ဦးလေးကလည်း …
ကိုယ့်ရွာသားအချင်းချင်းပဲဟာ
တကယ်အပြစ်ရှိတော့ရော ကျူပ်က
လက်လွတ်စပယ် တကယ်သတ်ပါ့မလားဗျ …”
လို့ ပြန်ပြောသတဲ့ …။

အဲဒီတော့ ဦးလေးတော်သူက-
“ တကယ်မသတ်ဘူးဆိုလည်း
အဲသလိုလေး သဘောပေါက်အောင် အမိန့်ကို ထုတ်မှပေါ့ကွ …”
လို့ မြည်တွန်တောက် တီးသတဲ့ …။

အဲဒါနဲ့ သူကြီးမင်းကလည်း
တစ်ရွာလုံးကို မောင်းထုဆင့်ခေါ်ပြန်ပြီး
မူလအမိန့်မှာ ပြင်ဆင်ချက် ထုတ်ပြန်သတဲ့ …။
အမိန့်က ဘယ်လိုဖြစ်သွားသလဲဆိုတော့ …

========================
“ဤရွာအတွင်း၌
မည်သူမျှ အလုပ်နှင့်လက် မပြတ်စေရ၊
အလုပ်နှင့်လက် ပြတ်သည်ကို တွေ့ရသော်
သေဒဏ် …..၊

သို့သော် . . .
တကယ်တော့ သတ်မည်မဟုတ် …”
========================

အဲသလိုလည်း
အမိန့်ပြောင်းသွားရော ရွာသူရွာသားတွေဟာ-

“ဟ … တကယ်မသတ်ဘူးဆိုပါ့လား၊
မသတ်ဘူးဆိုတော့အေးအေးဆေးဆေးပေါ့ …” ဆိုပြီး အရင်ကအတိုင်းပဲ ဆိုးကြသောက်ကြ၊
ခိုးကြမိုက်ကြပြန်ပါရောတဲ့ …။

အဲဒီတော့ သူကြီးမင်းရဲ့ ဦးလေးက
သူကြီးမင်းဆီရောက် လာပြီး-
“ငါ့တူ သူကြီးရေ …
တကယ်မသတ်ဘူးဆိုပြီးတော့လည်း အမိန့်ကိုတည့်တည့်ကြီးမထုတ်နဲ့ပေါ့ကွာ …။
နည်းနည်း ပါးပါးတော့
ကြောက်အောင်လည်း ပြောဦးမှပေါ့ …”” လို့
အကြံပေးပြန်တဲ့အခါ
သူကြီးမင်းလည်း ရွာသားတွေကို စုပြီး ..

===================
“ဤရွာအတွင်း၌
မည်သူမျှ အလုပ်နှင့်လက် မပြတ်စေရ၊
အလုပ်နှင့်လက် ပြတ်သည်ကို တွေ့ရသော်
သေဒဏ် ….၊

သို့သော် . . .
တကယ်တော့ သတ်မည်မဟုတ် …၊

သို့သော် . . .
မထီမဲ့မြင်လုပ်ဖို့တော့ စိတ်မကူးလေနှင့် ….”
==================

ဆိုပြီး အမိန့်ပြင်ဆင်ချက် ထုတ်ရပြန်သတဲ့ဟေ …။
မထီမဲ့မြင် မလုပ်လေနဲ့ဆိုတော့
ရွာသားတွေကလည်း ကြောက်လန့်ပြီး
သေမတတ် အလုပ်တွေလုပ်ကြရပြန်ရောတဲ့ …။
အဲဒါနဲ့ သူကြီး မင်းလည်း ရွာသားတွေကို မောင်းထုလူစုပြီး အမိန့်ပြင်ဆင်ချက် ထုတ်ရပြန်သတဲ့ …။

===================
“ဤရွာအတွင်း၌
မည်သူမျှ အလုပ်နှင့်လက် မပြတ်စေရ၊
အလုပ်နှင့်လက် ပြတ်သည်ကို တွေ့ရသော်
သေဒဏ် ….၊

သို့သော် . . .
တကယ်တော့ သတ်မည်မဟုတ် …၊

သို့သော် . . .
မထီမဲ့မြင်လုပ်ဖို့တော့ စိတ်မကူးလေနှင့် ….

သို့သော် . . .
မေတ္တာစေတနာရှေ့ထားလျက်
ထုတ်ပြန်သော အမိန့်ဖြစ်သည် ….”
===================

ဆိုပြီး အမိန့်ပြင်ဆင်ချက် ထုတ်ရပြန်သတဲ့ …။
အဲဒီတော့ ရွာသားတွေကလည်း-

“အိုကွာ … မေတ္တာနဲ့ထုတ်တဲ့
သေဒဏ်အမိန့်ပဲဟာ ဂရုစိုက်ဖို့မလိုပါဘူး …”” ဆိုပြီး
ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်သွားကြ ပြန်သတဲ့ …။

အဲဒီတော့ သူကြီးမင်းကလည်း မောင်းထုလူစုပြီး

===================
“ဤရွာအတွင်း၌
မည်သူမျှ အလုပ်နှင့်လက် မပြတ်စေရ၊
အလုပ်နှင့်လက် ပြတ်သည်ကို တွေ့ရသော်
သေဒဏ် ….၊

#သို့သော် . . .
တကယ်တော့ သတ်မည်မဟုတ် …၊

#သို့သော် . . .
မထီမဲ့မြင်လုပ်ဖို့တော့ စိတ်မကူးလေနှင့် ….

#သို့သော် . . .
မေတ္တာစေတနာရှေ့ထားလျက်
ထုတ်ပြန်သော အမိန့်ဖြစ်သည် ….

#သို့သော် . . .
အပြစ်ရှိပါက
မည်သူ့မျက်နှာကိုမှ မထောက် …”
=====================

ဆိုပြီး နှစ်လုံးပြူးကြီးကို ကိုင်ပြီး
အမိန့်ပြင်ဆင်ဖြည့်စွက်ချက်
ထပ်ပြီးထုတ်ရပြန်သတဲ့ဟေ့ …။

အဲဒီသူကြီးခမျာ …
သူ့ရဲ့ သူကြီးသက်တမ်းတစ်လျှောက်လုံးမှာ …

“#သို့သော် …

#သို့သော် …

#သို့သော် ….”

ဆိုတာနဲ့ပဲ ပြီးသွားခဲ့ရသတဲ့ဟေ့ …” ဟု
ပြောပြောဆိုဆိုပင် အဘသည်
သူ၏စကားကိုသူသဘောကျလျက် တစ်ခစ်ခစ်ရယ်လေ၏။

ကျွန်ုပ်တို့မှာလည်း အဘပြောပြသော ပုံပြင်ထဲမှ စကားလုံးကို သံယောင်လိုက်လျက်-

“ သို့သော် …”
“ သို့သော် …”
“ သို့သော် …”

ဟု အော်ဟစ်ကြရင်း
တဟားဟား ရယ်မောလိုက်မိကြပါလေတော့သတည်း။ ။
သဗ္ဗေဓမ္မာ
ဇင်ယော်နီ

LEAVE A REPLY

Please enter your comment!
Please enter your name here