Home ရသစုံတောမြိုင် ပြင်စရာမလိုသော စာအုပ်ကြီး (သို့မဟုတ်) နှုတ်ခမ်းမွေးကြီး ရေစိုသွားရှာလေတော့သတည်း

ပြင်စရာမလိုသော စာအုပ်ကြီး (သို့မဟုတ်) နှုတ်ခမ်းမွေးကြီး ရေစိုသွားရှာလေတော့သတည်း

65
0

(ဇင်ယော်နီ ရေးသော မင်းသိင်္ခပြောခဲ့သည် နိုင်ငံရေးပုံပြင်များ စာအုပ်မှ)
————————-
တစ်နေ့သ၌ အဘမင်းသိင်္ခသည်
ဝတ္ထုတစ်ပုဒ်ကို ရေးသားနေလေ၏။
အဘ စာရေးသောအခါများတွင် ပါးစပ်မှ စာများကို ခေါ်ပေး ခြင်းဖြစ်ပြီး ကျွန်ုပ်က ခွေးတံဆိပ်ခဲတံတစ်ချောင်းဖြင့်
စာရေးစက္ကူပေါ်တွင် လိုက်လံရေးမှတ်ပေးရလေ၏။

ထိုဝတ္ထုပြီးသွားသောအခါ
ရေးပြီးသမျှကို အဘက ပြန်ဖတ် ခိုင်းလေ၏။
ကျွန်ုပ်လည်း အသံနေအသံထားဖြင့် ပြန်၍ဖတ်ပြရလေ၏။

အဘသည် စီးကရက်ကလေးကို ခဲ၍ မျက်စိကလေးမှေးကာ အာရုံစိုက်၍နားထောင်နေလေ၏။
တစ်နေရာသို့အရောက်တွင် –

“ဟေ့ကောင် … ဟေ့ကောင် … အဲဒီနေရာက
ငါရေးတာ နည်းနည်းကြမ်းသွားတယ်။
အဲဒီတစ်ပိုဒ်လုံး ဖြုတ်လိုက်၊ ဖြုတ် လိုက် …”
ဟု ပြောသောကြောင့်
ကျွန်ုပ်လည်း အဘပြောသော ထိုစာပိုဒ်ကို
မင်အနီရောင်ဖြင့် ခြစ်ပစ်လိုက်ရလေ၏။

ထို့နောက် ဆက်၍ဖတ်ပြရာ တစ်နေရာ၌ –
“အဲဒီစာကြောင်းကလည်း မလိုပါဘူးကွာ …။
ဖြုတ်လိုက် ဖြုတ်လိုက် …”
ဟု ဆိုပြန်သောကြောင့်
ထိုစာကြောင်းကို ဖြုတ်လိုက်ရပြန်လေ၏။

ဤသို့ဖြင့် ဟိုနားနှစ်ကြောင်းဖြုတ်လိုက်၊
သည်နား တစ်ပိုဒ်ဖြုတ်လိုက် လုပ်လာခဲ့ကြရာ
နောက်ဆုံးတွင် ကျွန်ုပ်က –
“အဘရေ …၊ အဘရေးထားတာ ဆယ့်ငါးမျက်နှာ
လောက်ရှိတယ်၊
အခုဆိုရင်တော့ ခြောက်မျက်နှာတောင်
ကောင်း ကောင်းမကျန်တော့ဘူး …” ဟု ပြောလိုက်သဖြင့် အဘသည် မျက်လုံးပြူးသွားပြီးလျှင် –

“ဟ … ဟ …အဲဒီလောက် တိုလို့လည်း မဖြစ်သေးဘူး၊ ပြန်ရေးမှဖြစ်မယ်။
ဒါပေမဲ့ လောလောဆယ်တော့ ခေါင်းပူပါတယ်ကွာ …၊ လက်ဖက်ရည်လေးသောက်ရင်း
ခဏနားပြီးမှ ပြန်ရေး ကြတာပေါ့ …”
ဟု ဆိုသဖြင့် ကျွန်ုပ်လည်း
လက်ဖက်ရည်ပြေး၍ဖျော်ကာ
အဘကို တစ်ခွက်ပေးရ၏။
ကျွန်ုပ်လည်း တစ်ခွက်သောက်လေ၏။

ထိုသို့ လက်ဖက်ရည်သောက်ရင်း အဘက –
“မင်းကို ရယ်စရာတစ်ခုပြောရဦးမယ် …၊
တစ်ခါတုန်းက လူတစ်ယောက်ဟာ
ကျမ်းတစ်ကျမ်းပြုစုပြီး
သူ့ရဲ့ ဆရာသမားတစ်ယောက်ဆီကို အဲဒီကျမ်းကြီး ယူသွားတယ် …၊ ပြီးတော့ –

“ကျွန်တော့်ကျမ်းမှာ မှားတာလေးတွေပါရင်
မင်နီလေးနဲ့ ဝိုင်းပြီး ပြင်ပေးပါ …” လို့ ပြောသတဲ့။ နောက်တစ်ပတ်လောက်ရှိတော့
သူ့ဆရာဆီကို ပြန်သွားတဲ့အခါ သူ့ရဲ့ကျမ်းစာမူကို
သူ့ဆရာက ပြန်ပေးတယ်။

ကျမ်းစာမူကို လှန်ကြည့်လိုက်တဲ့အခါ
မင်နီ တစ်လုံးတလေတောင်မှ မတွေ့ရဘူး။
အဲဒါနဲ့ အဲဒီလူက –

“ဟား … မင်နီ တစ်လုံးတလေမှတောင် မတွေ့ရပါလား။ ကျွန်တော့်ရဲ့ကျမ်းက တစ်လုံးမှ ပြင်စရာမလိုဘူးပေါ့နော် …”
လို့ ဝမ်းသာအားရနဲ့ ပြောလိုက်တဲ့အခါ သူ့ရဲ့ဆရာက –

“မင်နီနဲ့ လိုက်ပြီးပြင်ရင် ပြင်လို့ဆုံးမှာကို မဟုတ်တော့ဘူး။ မောင်ရင့်ရဲ့ကျမ်းက
မှားလို့သာ မင်နီတို့ရမယ်ဆိုရင်
တစ်အုပ်လုံးကို
မင်နီအိုးထဲ နှစ်ပစ်လိုက်မှပဲ ရတော့မယ် …”
လို့ ပြန်ပြောလိုက်သတဲ့ဟေ့ …

အခုလည်း ငါရေးလိုက်တဲ့စာက ဟိုနားက ဖျက်လိုက်၊
ဒီနားက ပြင်လိုက်ဆိုတော့
မင်နီအိုး မဖြစ်ရုံတမယ်ပါပဲကွာ …”
ဟု ပြောပြီး သူ၏စကားကိုယ်သူ သဘောကျစွာဖြင့်
တခစ်ခစ် ရယ်မောလိုက်သောကြောင့် ကျွန်ုပ်လည်း လိုက်လံရယ်မောလိုက် မိပါလေတော့၏။

ထို့နောက် အဘက
လက်ဖက်ရည်ကို တစ်ငုံမျှငုံလိုက်ပြီး သည့်နောက် –

“မင်းတို့ငါတို့ မြန်မာပြည်မှာ လူလာဖြစ်ရတာ တော်တော် ကံကြီးလို့နော် …။
ဆိုဗီယက်မှာသာ လူသွားဖြစ်ရရင် တော်တော် မလွယ်ဘူး …။ အထူးသဖြင့် စာရေးဆရာဆိုရင် ရူးသွားမယ်။
အကုန်လုံး
နှုတ်ခမ်းမွေး ရေစိုကြီး ဖြစ်ကုန်မှာ …”
ဟု ပြောလိုက် သောကြောင့် ကျွန်ုပ်သည် နားမလည်နိုင်စွာဖြင့် –

“ဘယ်လိုလဲ အဘ ..၊ နှုတ်ခမ်းမွေးရေစိုကြီးဆိုတာ …” ဟု ပြန်၍မေးလိုက်မိလေ၏။
ထိုအခါ အဘက –

“အေး … မင်းမကြားဖူးသေးတော့လည်း ကြားဖူးအောင် ပြောပြရသေးတာပေါ့ကွာ …””ဟု အစချီကာ အောက်ပါပုံပြင်ကို ပြောပြပါလေတော့သတည်း။

********************

“နှုတ်ခမ်းမွေးကြီး ရေစိုသွားလေတော့သတည်း”
——————————
“တစ်ခါတုန်းက
ဆိုဗီယက်ယူနီယန်ကြီး
ဘုန်းမီးနေလ တောက်နေစဉ်ကပေါ့ကွာ …။
ကွန်မြူနစ်လူ့ဘောင် အောင်မြင်ရေးကို
အင်တိုက်အားတိုက် ချီတက်နေစဉ်အချိန်ကပေါ့ …။

စာရေးဆရာတစ်ယောက်ဟာ
ဝတ္ထုတိုလေးတစ်ပုဒ်ကို ရေး ပြီး မဂ္ဂဇင်းတိုက်ကို ပို့လိုက်သတဲ့ …။ အဲဒီဝတ္ထုမှာ ဘယ်လိုရေး ထားသလဲဆိုတော့ –

“တစ်နေ့သ၌
နှုတ်ခမ်းမွေးကားကားကြီးနှင့်
အသက်ငါးဆယ်ခန့် အဘိုးကြီးတစ်ဦးသည်
အိမ်ရှေ့ဝရံတာတွင်
ပက်လက် ကုလားထိုင်လေးတစ်လုံးကိုချကာ
အေးအေးလူလူ အနားယူရင်း …

ဆေးပြင်း လိပ်ကြီးကို ခဲလျက်
နေ့စဉ်ထုတ် သတင်းစာကြီးတစ်စောင်ကို
ဖတ်ရှုနေရာတွင်
ဆေးလိပ်မီးခိုးများ တထောင်းထောင်း ထနေသောကြောင့် ဆယ်နှစ်သားအရွယ် ၎င်းး၏သားငယ်ဖြစ်သူက
မီးလောင်နေပြီဟု အထင်ရောက်လျက်
ရေပုံးဖြင့် လာ၍ ပက်လိုက်သောကြောင့်
အဘိုးကြီးခမျာ ရေများ ရွှဲရွှဲစိုသွားရှာလေတော့သတည်း”
လို့ ရေးထားတာကွ …။

အဲဒီဝတ္ထုတိုကို
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖတ်ရှုပြီး –

“အသက် ငါးဆယ်အရွယ်လောက်ဆိုတာ
တကယ့်ကို သန်တုန်းမြန်တုန်းပဲ …၊
တိုင်းပြည်အတွက် အင်နဲ့အားနဲ့ အလုပ်လုပ်ရမယ့်အချိန်ပဲ …။
ဒါကို အဘိုးကြီးလို့ ရေးထားတာဟာ
လူတွေကို စိတ်ဓာတ်အင်အား ပျက်ပြယ်စေတယ် …။
တိုင်းပြည်မှာ လုပ်အားဆုံးရှုံးစေတယ်။ ဒါကြောင့် အသက်ငါးဆယ်အရွယ် အဘိုးကြီး
ဆိုတဲ့ စကားလုံးကို ဖြုတ် …”
ဆိုပြီး မင်နီနဲ့ ခြစ်ချ လိုက်သတဲ့ …။

ပြီးတော့ …

“အိမ်ရှေ့ ဝရံတာဆိုတာဟာ
မလိုအပ်ဘဲနဲ့ အပိုထုတ်ထားတဲ့ နေရာဖြစ်နေတယ်။
တို့တိုင်းပြည်မှာ တိုင်းပြည်တိုးတက်ဖို့
အင်နဲ့အားနဲ့ ချီတက်နေချိန်မှာ
မလိုအပ်တာတွေ လျှော့ရမယ်။

အိမ်ရှေ့ဝရံတာဆိုတဲ့ စကားလုံးကို ဖြုတ် …”
ဆိုပြီး မင်နီနဲ့ ခြစ်ချလိုက် ပြန်သတဲ့ …။

ပြီးတော့တစ်ခါ –

“ပက်လက်ကုလားထိုင်ပေါ် ထိုင်ပြီး
အေးအေးလူလူ အနားယူရင်းဆိုတဲ့ စကားလုံးတွေဟာ
တိုင်းပြည်ရဲ့ မူဝါဒကို စော်ကားတာပဲ။

အားလုံး တိုင်းပြည်တိုးတက်ဖို့
အင်နဲ့အားနဲ့ လုပ်ငန်းခွင်ဝင်ပြီး ကြိုးပမ်းနေကြချိန်မှာ ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး
ဇိမ်နဲ့ နားနေတယ်ဆိုတာဟာ စော်ကားတာပဲ။
အဲဒီစာကြောင်းတွေဖြုတ် …”
ဆိုပြီး မင်နီနဲ့ တားလိုက်ပြန်သတဲ့ …။

ပြီးတော့ –

“နေ့စဉ်ထုတ်သတင်းစာကို
ဇိမ်နဲ့ ဖတ်နေတယ်ဆိုတာဟာ
တိုင်းပြည်ကို သစ္စာဖောက်တာပဲ …။

ငါတို့သတင်းစာဟာ
ဇိမ်နဲ့ ဖတ်ဖို့ ထုတ်ထားတာမဟုတ်ဘူး။
သတင်းစာကိုဖတ်ပြီး
အားတွေရှိလာအောင်၊
စိတ်ဓါတ်တွေ တက်ကြွလာအောင်၊
အလုပ်လုပ်ချင်စိတ်တွေ တိုးပွားလာအောင်၊
တိုင်းချစ် ပြည်ချစ်စိတ်တွေ နိုးကြားလာအောင်
ထုတ်ဝေနေတာ။
သတင်းစာကို ဖတ်ပြီး ဇိမ်ခံခွင့်မရှိဘူး။
အဲဒါလည်း ဖြုတ် …”
ဆိုပြီး မင်နီနဲ့ ခြစ်လိုက်ပြန်သတဲ့ …။

ပြီးတော့တစ်ခါ –

“သူ့သားက
ဆေးလိပ်မီးခိုးကို
မီးလောင်တယ် အောက်မေ့ ပြီး
ရေနဲ့ လာလောင်းတယ်ဆိုတော့
ငါတို့ ဆိုဗီယက် လူငယ်လေးတွေရဲ့
ဉာဏ်ရည်ဉာဏ်သွေးဟာ
အဲဒီလောက်တောင် ဆိုးဆိုးဝါးဝါး ညံ့ဖျင်းနေတယ်လို့
စော်ကားရာ ရောက်နေတယ်။
အဲဒါလည်း ဖြုတ် …”
ဆိုပြီး မင်နီနဲ့ ခြစ်လိုက်ပြန်သတဲ့ …။

ပြီးတော့ –

“ဆေးပြင်းလိပ်ကို ဇိမ်နဲ့ထိုင်သောက်နေတာဟာ
ရေသာခိုရာ ရောက်တယ်။
တိုင်းပြည်တိုးတက်ဖို့အတွက်
အနှောင့်အယှက်ဖြစ်စေတယ်။
ဒါကို ဖတ်မိတဲ့ ပြည်သူတွေပါ
အတွေးအခေါ် မှားသွားနိုင် တယ်။
အဲဒီ ဆေးပြင်းလိပ်လည်း ဖြုတ် …”
ဆိုပြီး ဖြုတ်ချလိုက် ပြန်သတဲ့ …။

နောက်ဆုံးမှာတော့
ဟိုနားကဖြုတ်လိုက်၊ ဒီနားကဖြတ်လိုက်နဲ့
အဲဒီစာရေး ဆရာရဲ့ ဝတ္ထုဟာ –

“နှုတ်ခမ်းမွေးကြီး ရေစိုသွားရှာလေတော့သတည်း”

ဆိုတဲ့ စာတစ်ကြောင်းပဲ ကျန်ခဲ့တော့သတဲ့ဟေ့ …” ဟု ပြောပြသည်ဖြစ်ရာ ကျွန်ုပ်တို့လည်း တဝါးဝါးဖြင့် ရယ်မောလိုက် ကြပြီးသည့်နောက် –

“နှုတ်ခမ်းမွေးကြီး ရေစိုသွားရှာလေတော့သတည်း …”
“နှုတ်ခမ်းမွေးကြီး ရေစိုသွားရှာလေတော့သတည်း …”
“နှုတ်ခမ်းမွေးကြီး ရေစိုသွားရှာလေတော့သတည်း … .. .” ဟု

အော်ဟစ်နေမိကြပါလေတော့သတည်း။ ။
သဗ္ဗေဓမ္မာ
ဇင်ယော်နီ

(မင်းသိင်္ခပြောခဲ့သော နိုင်ငံရေးပုံပြင်များ စာအုပ်မှ)

LEAVE A REPLY

Please enter your comment!
Please enter your name here